UPWC နှင့် NCCT တို့ ဆက်လက် တွေ့ဆုံ ဆွေးနွေးရန် အလား အလာကောင်းဟုဆို

UPWC နှင့် NCCT တို့ ဆက်လက် တွေ့ဆုံ ဆွေးနွေးရန် အလား အလာကောင်းဟုဆို
by -
ရွှေဟင်္သာ

အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပက်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT တို့ ပြန်လည် ဆွေးနွေး နိုင်ရန် အတွက် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC တာဝန် ရှိသူ များနှင့် NCCT အဖွဲ့ခေါင်းဆောင် တို့ ဒီဇင်ဘာလ ၂ရက်နေ့က တွေ့ဆုံ မှုတွင် အပြုသဘော ဆောင်ပြီး အလားအလာ ကောင်းသည်ဟု NCCTမှ  ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

“ဆွေးနွေးချက် တွေက အပြုသဘော ဆောင်တယ် အလားအလာ ကောင်းတယ်။ နီးစပ်မှု ရှိတယ်လို့ ပြောနိုင် ပါတယ်။ ကျွန်တော် တို့က တွေ့ဆုံ ဆွေးနွေးရေး ဆိုင်ရာ အချက် (၅) ချက်ကို တင်ပြ ခဲ့တယ်။ MPC ဘက်က UPWC ကိုယ်စားကို ဖိတ်တာ ကတော့ ဒီလ (၁၇) ရက်နေ့ ရန်ကုန် အရောက် (၁၈) နဲ့ (၁၉) ရက်မှာ တွေ့ ဆုံ ဆွေးနွေး နိုင်ဖို့ ကိစ္စ အတွက်ပေါ့” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရွှေဟင်္သာ သတင်းဌာနသို့း ပြောသည်။

ncct and mpc in chiang mai

သို့သော်လည်း ထို MPC ကိုယ်စားလှယ် များ၏ တင်ပြ ချက်အား NCCT အဖွဲ့ ဘက်မှ အခြား လိုအပ်ချက်များ ရှိနေ သောကြောင့် တွေ့ဆုံမည့် နေ့ရက် အတိအကျ မသတ်မှတ် နိုင်သေးဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောသည်။

အကြို ညှိနှိုင်းပွဲတွင် UPWC နှင့် NCCT တို့အကြား နှစ်ဖက် ဆက်လက် တွေ့ဆုံ ဆွေးနွေးရန် အချက်အား NCCT ဘက်မှ မူအရ သဘောတူ ကြောင်းနှင့် တွေ့ဆုံ NCCT ဘက်မှ တင်ပြ ထားသည့် ဆွေးနွေးရေး ဆိုင်ရာ အချက် (၅) ချက်ကို UPWC ထံ တင်ပြ သွားမည်ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေ ကလည်း ရွှေဟင်္သာ သတင်း ဌာနသို့ ဒီဇင်ဘာလ ၂ရက်နေ့က ပြောသည်။

“ဆွေးနွေးပွဲတွေ ဆက်လက် ဆောင်ရွက်ဖို့ ပေါ့လေ၊ ကျွန်တော်တို့ တချို့တော့ ပြင်ဆင် ညှိနှိုင်း ထားတဲ့ ကိစ္စရပ် တချို့ကို ကျွန်တော်တို့ ပြောဆို ပြီးတော့ ပေးလိုက် တာလည်း ရှိပါတယ်။ အဲဒီ အပေါ်မှာ NCCT အနေနဲ့ ကတော့ မူအားဖြင့် ဆွေးနွေးပွဲ ပြန်လုပ်ဖို့ သဘော တူပါတယ်။ သူတို့ ဘက်က သိချင်တဲ့ အချက် (၅) ချက်ကို မေးထားတဲ့ အပေါ် ၀န်ကြီး ဦးအောင်မင်းကို ပြန်တင် ပြမယ်။ ဆွေးနွေးပွဲ ဆက်လက် ဖြစ်ပေါ်ဖို့ ကတော့ တော်တော်လေး အလားအလာ ကောင်းပါတယ်” ဟု ဦးလှမောင်ရွှေက ပြောသည်။

မြန်မာ အစိုးရ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအကြား ဖြစ်ပွား နေသည့် စစ်ရေး ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ရန် အတွက် ပြီးခဲ့သည့် စက်တင်ဘာ လတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) တို့ အကြား တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ရာ၌ တွင် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ် များနှင့် ပက်သက်၍ တိကျသော အဖြေ မရ ခဲ့သည့် နောက်ပိုင်း၌ တွေ့ဆုံပွဲများ တစ်လခန့် ရပ်တန့် နေခဲ့သည်။

အထူးသဖြင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး အပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အမြင် ကွဲလွှဲမှု ရှိနေ ခဲ့သည်။

ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဆိုင်ရာ ကိစ္စရပ်နှင့် ပက်သက်၍ NCCT နှင် အစိုးရ တို့အကြား ဆွေးနွေးရန် သဘော တူညီချက် ရှိနေသော်လည်း လက်ရှိ အနေအထား အရ ဖွဲ့စည်းရန် စောလွန်း သေးသည်ဟု မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေ ကလည်း ဆိုသည်။

“ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု စနစ်ကို သွားမယ် ဆိုတာ ကျွန်တော်တို့ သဘောတူ ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု တပ်မတော် ကိစ္စကို သဘောတူ ထားပြီး ဖြစ်တဲ့ အတွက် အဲဒီ အချိန်မှာ ဆွေးနွေး နိုင်ဖို့ ပါဘဲ။ အခု လောလောဆယ် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ထူထောင်ဖို့ ကြိုးပမ်း တာဟာ အဆင့်ကျော် နေတဲ့ သဘောမျိုး လို့လဲ ယူဆပါတယ်” ဦးလှ မောင်ရွှေက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၂) ရက်နေ့၌ ပြောကြား ခဲ့သည်။ဟု သူကပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်အောင်လှိုင် အနေနှင့် ဖက်ဒရယ် တပ်မတော် ဖွဲ့စည်းရေးကို လုံးဝလက် မခံ နိုင်ကြောင်း နိုဝင်ဘာ လကုန် ပိုင်း၌ ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဌ မူတူးဆေးဖိုး တို့အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး စဉ်တွင် ပြောဆို ခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT တို့ အကြား နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် နေ သည့် ကြားမှလည်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တို့တွင် မြန်မာ့ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွါး နေဆဲ အခြေအနေ၌ ရှိနေသည်။

Most read this week