ဖက်ဒရယ် တပ်မတော် (FUA) အဖွဲ့၏ လွတ်မြောက် နယ်မြေ တစ်နေရာ၌ နှစ်ရက်တာ ကျင်းပ ခဲ့သည့် ပထမ အကြိမ် စစ်ဦးစီး အဖွဲ့ အစည်းအဝေး အတွင်း၌ စစ်ဒေသ နှစ်ခု ဖွဲ့စည်း ခဲ့ကြောင်း အစည်အဝေး တက်ရောက် ခဲ့သည့် အမည်မဖော် လိုသူ စစ်ဖက် အရာရှိ တစ်ဦးက ရွှေဟင်္သာ သတင်းဌာနသို့ နိုဝင်ဘာလ ၃ ရက်နေ့က ပြောသည်။
“မြောက်ပိုင်း စစ်ဒေသကိုတော့ ဗိုလ်ချုပ် ဂမ်ရှောင်က ဦးဆောင်ပြီး မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တာဝန်ယူ သွားမယ်၊ တောင်ပိုင်း စစ်ဒေသ ကိုတော့ ဗိုလ်မှူးချုပ် ဘောကျော်ဟဲက တာဝန်ယူ သွားမယ်၊ စစ်ဦးစီးချုပ် ကိုတော့ ကျနော်တို့ မရွေးနိုင်သေးလို့ ဗိုလ်ချုပ် ဘီတူးကိုပဲ ယာယီ ဦးစီးချုပ် အဖြစ် ဆက်ခန့်ထား ခဲ့တယ်” ဟု အဆိုပါ စစ်ဘက် အရာရှိမှ ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။
ထိုအစည်းအဝေး အတွင်း UNFC မှ ကနဦး ချမှတ် ထားသည့် မူအတိုင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆွေးနွေး ပွဲကို ကြားနိုင်ငံ တစ်ခု၌ ကျင်းပရေး၊ ညှိနှိုင်း ဆွေးနွေး ပွဲတွင် နိုင်ငံ တကာ အသိသက်သေ ထားရှိရေး စသည့် အချက် များအား တနိုင် ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) မှ အားနည်း ချက်များ ရှိခဲ့သည့် အပေါ် ဝေဖန် ဆွေးနွေး ခဲ့ကြောင်းလည်း FUA အကြံပေး အရာရှိ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြောကြား ခဲ့သည်။
ညီညွှတ်သော တိုင်ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်များ ပါဝင် ဖွဲ့စည်း ထားသည့် ဖက်ဒရယ် တပ်မတော် (FUA) ၏ ပထမ အကြိမ် စစ်ဦးစီး အဖွဲ့ အစည်း အဝေးအား နိုဝင်ဘာလ (၂၈) နှင့် (၂၉) ရက်နေ့တို့တွင် နှစ်ရက်တာ လွတ်မြောက် နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုအစည်း အဝေးအား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့မှ ကိုယ်စားလှယ် (၁၁) ဦး အကြံပေး တစ်ဦးနှင့် လေ့လာသူ (၃) ဦး စုစုပေါင်း (၁၅) ဦး တက်ရောက် ခဲ့သည်။
ထို စစ်ဦးစီးများ အဖွဲ့၏ ပထမ အကြိမ် အစည်း အဝေးအား FUA အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး၊ ကရင် အမျိုးသား အစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ မွန်ပြည်သစ် ပါတီ၊ ရခိုင်ပြည် တပ်မတော် (AA)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ၊ ချင်းအမျိုးသား တပ်ဦး အဖွဲ့ (၈) ဖွဲ့ တို့မှ စစ်ဦးစီး အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြသည်။
သို့သော်လည်း “ဝ” အမျိုးသား အဖွဲ့ချုပ်၊ ပအိုဝ့် အမျိုးသား အဖွဲ့ချုပ်၊ ကိုးကန့်နှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် တို့မှ စစ်ဦးစီး အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြခြင်း မရှိခဲ့ပေ။
၂၀၁၁ ဖေဖော်ဝါရီ၌ ဖွဲ့စည်းခဲ့ပြီး FUA ၏ ပထမ ဦးဆုံး စစ်ဦးစီးချုပ် အဖြစ် ဗိုလ်ချုပ်ကြီး မူတူး ဆေးဖိုး က စတင် တာဝန်ယူ ခဲ့သည်။ ထို့နောက်တွင် ဗိုလ်ချုပ် ဘီတူးမှ စစ်ဦးစီးချုပ် အဖြစ် ဆက်လက် တာဝန်ယူ ခဲ့ပြီး လက်ရှိ FUA စစ်ဦးစီး ချုပ်လည်း ဖြစ်သည်။
FUA တွင် စစ်ဒေသ (၂) ခု ထားရှိပြီး မြောက်ပိုင်း စစ်ဒေသ၌ ကချင်၊ ပလောင် ၊ ရှမ်းမြောက်၊ ဝ နှင့် မိုင်းလား၊ ကိုးကန့် လက်နက်ကိုင် အဖွဲ့များ ပါဝင် ပါသည်။ တောင်ပိုင်း စစ်ဒေသ၌ ကရင် အမျိုးသား အစည်းအရုံး၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ မွန်ပြည်သစ် ပါတီတို့ ပါဝင်သည်။
၂၀၁၁ ဖေဖော်ဝါရီလ ကတည်း ကပင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် တစ်ချိန်တည်း အပြိုင် ဖွဲ့စည်း ထားခဲ့သည့် ဖက်ဒရယ် တပ်မတော် FUA အနေဖြင့် ပုံမှန် အစည်းအဝေး (၃) ကြိမ်နှင့် အလွတ် သဘော အစည်းအဝေး (၂) ကြိမ် ကျင်းပ ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း သီးခြား သတင်း ထုတ်ပြန် ခဲ့ခြင်း မရှိ ခဲ့ပေ။ ယခု သတင်းထုတ်ပြန် ခြင်းသည်လည်း FUA အနေဖြင့် တရားဝင် ပထမဆုံး အကြိမ် သတင်း ထုတ်ပြန် ခြင်းလည်း ဖြစ်သည်။
အစည်း အဝေး အပြီး သတင်း ထုတ်ပြန် ချက်သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် ညှိနှိုင်းနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် အစိုးတို့၏ ညှိနှိုင်း မှုအား အဟန့် အတား ဖြစ်စေ နိုင်မည် မဟုတ်ကြောင်း FUA အကြံပေးအရာရှိ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဒီဇင်ဘာလ (၃) ရက်နေ့က ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။
“ဒီဖက်ဒရယ် တပ်ဖွဲ့ဟာ စုပေါင်း ပြီးတော့ အလုပ်လုပ် ကြတာပါ၊ နိုင်ငံရေး ဦးတည် ချက်ကို ရအောင် လုပ်ဖို့ သဘော ရှိတယ်၊ အခု သွားနေတဲ့ UNFC က ချထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လမ်းစဉ် ၊ တစ်နိုင်ငံ ငြိမ်းချမ်းရေး ရဖို့ လမ်းစဉ် ဒီလမ်းစဉ် တွေမှာ အဓိက အောင်မြင်အောင် ဝိုင်းဝန်း လုပ်ဆောင် ဖို့ပါ” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ယခု သတင်း ထုတ်ပြန်မှုသည် နှစ်ဖက် စက်တင်ဘာလ ဆွေးနွေး ညှိနှိုင်းမှု မပြေလည်သည့် အခြေအနေနှင့် အစိုးရ၏ တိုင်းရင်းသား ဒေသ အပေါ် ထိုးစစ် ၊ နယ်မြေ စိုးမိုးရေး စစ်ဆင်မှု များအား တိုင်းရင်းသား လက်နက်ကိုင် များဘက်မှ စစ်ရေး အရ တုံ့ပြန်မည့် အလားအလာ ဖြစ်ကြောင်း သုံးသပ် ချက်များ ရှိနေ ခဲ့သည်။
ထို့ပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဖက်ဒရယ် တပ်မတော်အား လက်မခံ နိုင်ကြောင်း မီဒီယာများအား အတိအလင်း ထုတ်ဖော် ပြောကြား ထားချက်များ ရှိ၍ ယခု FUA ၏ သတင်း ထုတ်ပြန် မှုသည် ဆွေးနွေး ပွဲအား အဟန့်အတန်း ဖြစ်စေ နိုင်သည်ဟု သုံးသပ် ချက်များ ကျယ်ကျယ် ပြန့်ပြန့် ရှိလာခဲ့သည်။
ဦးညို အုန်းမြင့် ကလည်း “ဒီ FUA ကြေငြာချက်ကို ကျွန်တော် ဖတ်ကြည့်တော့ ၊ အထွေထွေကို ထောက်ပြ ထားတယ်၊ ဘာမှ စစ်ရေး ပြင်ဆင်မှုနဲ့ လုပ်မယ် ဆိုတဲ့ စိန်ခေါ် လာတဲ့ အနေအထား မရှိဘူး၊ ကန့်ကွက်တယ် ဆိုတာက သူတို့ ဘက်က တာဝန်အရ ကန့်ကွက် ရတာ ဆိုတာပဲ ရှိတယ်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သက်ရောက်မှု မရှိနိုင်ဘူးလို့ ထင်ပါတယ်” ဟု ဦးညိုအုန်းမြင့်က ဒီဇင်ဘာလ (၃) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။
အစည်းအဝေး တွင်း၌ အစိုးရ၏ တိုင်းရင်းသား ဒေသ များအပေါ် စစ်ဆင် နေမှုများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား သုံးသပ် ခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
၎င်း FUA ပထမ အကြိမ် စစ်ဦးစီး အဖွဲ့ အစည်း အဝေး အပြီး၌ နိုဝင်ဘာလ (၃၀) ရက်နေ့၌ FUA မှ ကြေငြာချက် တစ်စောင် ထုတ်ပြန် ခဲ့ပြီး မြန်မာ့ တပ်မတော် အနေနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို စတင် ဖော်ဆောင် နိုင်ရန် အခြေခံ ဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆို နိုင်ရေး ကြိုးပမ်း နေသည့် ကာလတွင် အနှောက်အယှက် အဟန့်အတား ဖြစ်စေသော စစ်ဆင်မှုများ အားလုံးကို ချွှင်းချက်မရှိ ရပ်ဆိုင်း ပေးရန်လည်း တောင်းဆို ထုတ်ပြန် ထားသည်။