လာမည့် အပစ်ရပ် ညှိနှိုင်းရေး ဆွေးနွေးပွဲတွင် အချက် (၈) ချက်အား အဓိကထား ဆွေးနွေးမည်

လာမည့် အပစ်ရပ် ညှိနှိုင်းရေး ဆွေးနွေးပွဲတွင် အချက် (၈) ချက်အား အဓိကထား ဆွေးနွေးမည်
by -
ရွှေဟင်္သာ

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) တို့၏ လာမည့် ဒီဇင်ဘာ လဆန်း တွင် ပြုလုပ် သွားမည့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆွေးနွေး ပွဲတွင် ယခင် ဆွေးနွေး ပွဲမှ ကျန်ရှိ နေသည့် အချက် (၈) ချက်ကို ဆွေးနွေး သွားမည်ဟု တစ်နို်င်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ပြောသည်။

“မကြာခင်က ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း တိုနဲ့ တွေတုန်း ကတော့ နှစ်ဖက် နို၀င်ဘာ လကုန်ပိုင်း ဒါမှဟုတ်ဒီဇင်ဘာ လဆန်းပိုင်းမှာ တွေဖို့တော့ သဘောတူ ထားတယ်။ လျှော့နိုင်မယ့် အချက်တွေ၊ ပြင်နိုင်မယ့် အချက်တွေ ပြင်သွား မယ်လို့တော့ ပြောထားတယ်။ ဆွေးနွေး ပွဲကို ပျက်မသွားဖို့ ဆက်ပြီး ဆွေးနွေး သွားမယ်လို့ ပြောပါတယ်”ဟု နိုင်ဟံသာက ပြောသည်။

phophtaw21-02

လာမည့် ဆွေးနွေး ပွဲတွင် ဆွေးနွေးမည့် အချက် (၈) ချက်မှာ တိုင်းရင်းသား လူမျိးစုံ ပါ၀င်သော ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေး ကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး စကားလုံး ကိစ္စ၊ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးသော အခါ တိုင်းရင်းသားများ ဘက်မှ အင်အား မတိုးချဲရ၊ လူသစ် မစုဆောင်းရ ဆိုသည့် ကိစ္စ၊ လုံခြုံရေး ဆိုင်ရာပြန်လည် ပေါင်းစည်းခြင်း ကိစ္စ အပါအဝင်အချက် (၈) ချက်ကိုဆွေးနွေး သွားကြရန် ရှိကြောင်း နိုင်ဟံသာက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် NCCTတို့ နိုဝင်ဘာ လကုန် သို့မဟုတ် ဒီဇင်ဘာ လဆန်း၌ ထပ်မံ တွေ့ဆုံ နိုင်ရန် အတွက်လည်း ယခုလ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ တွေ့ဆုံနိုင်ရန်  တို့သည်ထိုင်းနိုင်ငံချင်းမိုင် မြို့တွင် နှစ်ဖက် အကြား အလွတ်သဘော တွေ့ဆုံ ညှိနှိုင်းမှုကို ဦးစွာ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနမှ အကြီးတန်း အကြံပေး အရာရှိ ဦးလှမောင်ရွှေက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၁၉) ရက်နေ့၌ ပြောကြား ခဲ့သည်။

နောက် မှသာ နှစ်ဖက် ဆွေးနွေးမည့် ရက်ကို အတိအကျ သတ်မှတ် နိုင်မည်ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

UPWC နှင့်NCCT တို့သည် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ် NCA အတွက် သဘော တူညီချက် ရစေရန် နှစ်ဖက် အကြား ဆွေးနွေးပွဲ များကို ၆ ကြိမ် တိုင် ပြုလုပ် ခဲ့ကြပြီး ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၂) ရက်မှ (၂၆) ရက်နေ့ အထိ ရန်ကုန်မြို့၌ နောက်ဆုံး ပြုလုပ် ခဲ့သော ဆွေးနွေး ပွဲတွင် တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံရေး မူဘောင် ရေးဆွဲရေး ကိစ္စ ရပ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) အား လွှတ်တော်တွင် တင်သွင်းရေး ကိစ္စရပ် များတွင် သဘော တူညီ မှုများမရ ခဲ့ကြပေ။

သို့သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့ နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ရန် အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များမှ အချိန်ဆွဲ နေသူ များဟု လွဲမှားစွာ ထင်မြင် ယူဆ နေခြင်း ကိုလည်း ရှင်းလင်း နိုင်ခဲ့ကြောင်း နိုဝင်ဘာလ (၁၅) ရက်နေ့ UNFC ကြေငြာချက်၍ ဖော်ပြ ရေးသား ထားသည်။

နိုဝင်ဘာ (၉) ရက်နေ့ တွေ့ဆုံ မှုသည် အလွတ်သဘော တွေ့ဆုံမှု ဖြစ်သော်လည်း မကျေလည်သည့် ပြဿနာရပ် များကို ဆွေးနွေး ဖြေရှင်း နိုင်ခဲ့ သည့် အတွက် လာမည့် NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့ နှစ်ဖွဲ့ တွ့ဆုံမှု အတွက် အထောက် အကူ ပြုမည်ဟု မျှော်လင့်ကြောင်း နိုင်ဟံသာ က ဆိုသည်။

Most read this week