အစိုးရ၏ မြေယာ မူဝါဒ (မူကြမ်း) အားနည်းချက်များကို အဖွဲ့အစည်းများ ထောက်ပြ

အစိုးရ၏ မြေယာ မူဝါဒ (မူကြမ်း) အားနည်းချက်များကို အဖွဲ့အစည်းများ ထောက်ပြ
by -
ရွှေဟင်္သာ

မွန်၊ ကရင် ပြည်နယ် များနှင့် တနင်္သာရီ၊ ပဲခူးတိုင်း ဒေသကြီး တို့မှ လူမှု အဖွဲ့အစည်း များနှင့် မြေယာ အရေး ကျွမ်းကျင် သူများ ပါဝင် ကျင်းပသည့် အလုပ်ရုံ ဆွေးနွေး ပွဲ၌ ဒေသတွင်း ကြံုတွေ့ နေရသည့် မြေယာနှင့် ပက်သက်သည့် အငြင်းပွားမှု ပဋိပက္ခ များအား ဖြေရှင်း ပေးနိုင်မည့် မူဝါဒနှင့် ယန္တယား မပါဝင် သေးသော အစိုးရ၏ ‘အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ၏ အားနည်းချက် များကို ထောက်ပြ ပြောဆို ခဲ့သည်။

အစိုးရမှ ရေးဆွဲ ထားသည့် အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ၌ ရင်းနှီးမြုပ်နှံမှု အပိုင်းကိုသာ အဓိက ဦးစားပေး ရေးဆွဲ ထားကာ တိုင်းရင်းသား ရိုးရာ ဓလေ့ မြေယာ ပိုင်ဆိုင်မှုအား အသိအမှတ် ပြုနိုင်ခြင်း မရှိကြောင်း အလုပ်ရုံ ဆွေးနွေးပွဲ ပြောရေး ဆိုခွင့် ရှိသူ နိုင်မင်းမင်းနွယ်က ရွှေဟင်္သာ သတင်းဌာနသို့  နိုဝင်ဘာ လ (၁၃) ရက်နေ့တွင် ပြောကြား ခဲ့သည်။

မွန်ပြည်နယ် ချောင်းဆုံ မြို့နယ် တွင်းမှ ဓနိခြံ လုပ်သား တစ်ဦးအား တွေ့ရစဉ်

“ဒီမြေယာ မူဝါဒတွေသည် ရင်းနှီးမြုပ်နှံမှု အတွက် လုပ်ငန်းရှင်ကြီး တွေအတွက် ဦးစားပေး ရေးဆွဲ ထားတဲ့ မူဝါဒ ဆန်နေတယ်လို့ ကျနော်တို့ မြင်တယ်၊ ဒီအစိုးရ ရေးဆွဲ ထားတဲ့ မြေယာ မူဝါဒမှာ တိုင်းရင်းသား ဒေသ တေဝမှာ ဖြစ်ပျက် နေတဲ့ မြေယာ ပဋိပက္ခ ပြသနာ တွေကို ဖြေရှင်း ပေးနိုင်မယ့် ယန္တရားတွေ မရှိဘူး” ဟု နိုင်မင်းမင်းနွယ်က ပြောကြားသည်။

ထို အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) အကြို လေ့လာ သုံးသပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲအား မွန်ပြည်နယ် မော်လမြိုင်မြို့ ၊ မြိုင်သာယာ ရပ်ကွက် ပိုင်ခေတ် သင်တန်း ခန်းမ၌ ပြုလုပ် ခဲ့ကာ မွန်၊ ကရင် ပြည်နယ် များနှင့် တနင်္သာရီ ၊ ပဲခူး တိုင်းဒေသကြီး တို့မှ လူထု အခြေပြု အဖွဲ့အစည်းများ (၃၀) ကျော်နှင့် မြေယာ ဥပေဒ ကျွှမ်းကျင် သူများ စုစုပေါင်း (၆၀) ဦးကျော် တက်ရောက်ကာ နိုဝင်ဘာလ (၁၀) ရက်မှ (၁၁) ရက် နှစ်ရက်တာ ကျင်းပ ခဲ့သည်။

အစိုးရမှ လက်ရှိ ရေးဆွဲထားသည့် မြေအသုံးချမှု မူဝါဒ မူကြမ်း၏ လိုအပ်ချက် အပိုင်းကို အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ၌ သုံးသပ် ခဲ့ကြကာ တိုင်းရင်းသား ဒေသများတွင် ငြိမ်းချမ်းရေး ဖြစ်စဉ်၊ လူ့အခွင့်အရေး ဖြစ်စဉ် ၊ ဌာနေ တိုင်းရင်းသား များ၏ မူလ ထုံးတမ်း အစဉ်အလာ မြေယာ ပိုင်ဆိုင်မှုကို အသိအမှတ် ပြုပေးရန် လက်ရှိ မြေယာ မူဝါဒ မူကြမ်း၌ ဖြည့်စွက် ရေးဆွဲ ပေးနိုင်ရေး အတွက်လည်း ဆွေးနွေး ပွဲ အပြီးတွင် ကြေငြာချက် ထုတ်၍ တောင်းဆို ထားသည်။

တိုင်းရင်းသား ဒေသများရှိ မြေယာ အသုံးချမှု ကော်မီတီကို ဖွဲ့စည်း ရာတွင်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း များမှ ပုဂ္ဂိုလ်များ ပါဝင် သင့်ကြောင်း ထိုအလုပ်ရုံ ဆွေးနွေး ပွဲအား တက်ရောက် လာသည့် စာရေး ဆရာ မောင်ပွင့်ဆန်း ကလည်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

အစိုးရ အနေဖြင့်မူ ယခု ရေးဆွဲ ထားသည့် အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) များနှင့် ပတ်သက်၍ ဒေသခံ တောင်သူ လယ်သမားများ နားလည် သဘောပေါက် နိုင်ရေး အတွက် မြေယာ ကော်မီတီ များမှ ရှင်းလင်း ပွဲများ လုပ်ဆောင်ကာ အသိပေး သွားရန် ရှိသည်ဟု မော်လမြိုင် မြို့နယ် မြေယာ ကော်မတီ ဥက္ကဌ   ဦးဇော်ဝင်းဌေး ကလည်း ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့ကာ အသေးစိတ် ပြောကြား ပေးရန် ကိုမူ ငြင်းဆို ခဲ့သည်။

အစိုးရ၏ အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) ၂၀၁၄ ခုနှစ် အောက်တိုဘာ လမှာ ထုတ်ဝေ ခဲ့ပြီး ၎င်းအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ထားကာ ထိုမူဝါဒ (မူကြမ်း) အား အကောင်အထည် ဖော် မည့် မြေယာ ကော်မီတီ များကို ပြည်/နယ် တိုင်း ခရိုင် ၊ မြို့နယ် များ၌ သမ္မတ ညွှန်ကြား ချက်ဖြင့် အစိုးရ အဖွဲ့မှ ဖွဲ့စည်း ထားသောကြောင့် ထိုနှစ်ခု အကြား အကောင် အထည် ဖော်နိုင်ရန် အားနည်းချက် များလည်း ရှိနေကြောင်း မွန်ပြည်နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး ကလည်း ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၁၃) ရက်နေ့တွင် သုံးသပ် ပြောကြား ခဲ့သည်။

ထို အစိုးရ၏ အမျိုးသား မြေအသုံး ချမှု မူဝါဒ (မူကြမ်း) အား နိုင်ငံတော် အတွင်း  မြေသယံ ဇာတ အရင်းအမြစ် များအား နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူ များ၏ လူမှု၊ စီးပွား ဘဝ မြှင့်တင် ဖြည့် ဆည်း ပေးရန်နှင့် သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အတွက် အသုံးပြု စီမံ ခန့်ခွဲရာ၌ စနစ်တကျ မှန်ကန်ပြီး ရေရှည် တည်တန့်ရန် ရည်ရွယ် ထုတ်ပြန် ထားကြောင်း ရေးသား ဖော်ပြ ထားသည်။

ထို အမျိုးသား မြေအသုံးချမှု မူဝါဒ (မူကြမ်း) အားလည်း တိုင်းနှင့် ပြည်နယ် ဒေသ အသီးသီးမှ လူမှု အဖွဲ့ အစည်း (၃၀) တို့ဖြင့် ဖွဲ့စည်း ထားသော တိုင်းရင်းသား လူမျိုးများ လူထု ဖွံ့ဖြိုးရေး ဆုံရပ်နှင့် တိုင်းရင်းသား ရိုးရာ ဓလေ့ မြေယာ ကာကွယ်ရေး ကော်မီတီ ကိုယ်စားလှယ် များမှလည်း လက်မခံ နိုင်ကြောင်း နိုဝင်ဘာလ (၆) ရက်နေ့က ကြေငြာချက် တစ်စောင် ထုတ်ပြန် ခဲ့သည်။