အပစ်အခတ် ရပ်စဲရေး ဆွေးနွေး မှုများ တိုးတက် လာသည့် အခြေ အနေတွင် ထွက်ပေါ် လာသည့် ကောလာ ဟာလ များကြောင့် ငြိမ်းချမ်းရေး ထိခိုက် နိုင်သည်ကို ဖြေရှင်း သင့်ကြောင်း ကချင် ဒီမိုကရေစီ ပါတီ ဥက္ကဌ ဒေါက်တာ တူးဂျာက ပြောသည်။
ဒေါက်တာတူးဂျာက “ကောလဟာလ သတင်း တွေက ဖျက်မြင်း သဖွယ် ဖြစ်သွားတယ်” ဟုပြောသည်။
အပစ်အခတ် ရပ်စဲရေး ဆွေးနွေး မှုများ တိုးတက် လာချိန်တွင် နိုင်ငံရေး ဆွေးနွေး မှုနှင့် ဆက်ဆံရေး ကောလဟာလများ၊ စစ်ရေး တင်းမာမှု ကောလ ဟာလများ အမျိုးမျိုး ထွက်ပေါ်လျက် ရှိကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခြင်းဖြစ်သည်။
ကချင်ပြည်နယ် ဖားကန့် ဒေသတွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တပ်မတော် တို့ အကြား စစ်ရေး တင်းမာ မှုများဖြစ်ပေါ် နေကြောင်း ကောလ ဟာလ များလည်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လာခဲ့၍ ဒေသ ခံများ စိုးရိမ် တကြီး တိမ်းရှောင် ထွက်ပြေး မှုများဖြစ်ပေါ် ခဲ့ကြောင်းလည်း ကချင် ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွှန်ငန်းဆိုင်းက ပြောသည်။
“ဒါတွေက ကောလဟာလ တွေပါ၊ ခုလက်ရှိ ချိန်ထိ တည်တည် ငြိမ်ငြိမ် အေးအေး ချမ်းချမ်း ပါပဲ”ဟု ဦးလဂျွှန်ငန်ဆိုင်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ လလယ် ၌လည်း ကချင်ပြည်နယ် ဥရုမြစ် အရှေ့ဘက် ဖားကန့် မြို့နယ်၊ အောင်ဘာလီ ကျေးရွာနှင့် အနီး တစ်ဝိုက်တွင် တပ်စွဲထားသော ကေအိုင်အေ တပ်များကို ဆုတ်ခွာ ပေးရန် တပ်မတော်မှ စေခိုင်း ခဲ့သည် ဆိုသည်မှာလည်း ကောလဟလသာ ဖြစ်ကြောင်း ဦးလဂျွှန် ငန်ဆိုင်းက ဆက်ပြောသည်။
“မကြာခင်က ကေအိုင်အေ တပ်ရင်း ၆ ကို ဘယ်နေ့ ရာဇသံ ပေးထားတယ်။ ဘယ်နေ့ ဆုတ်ပါ ဆိုပြီး အင်တာနက် စာမျက်နှာ တွေမှာဘဲ တွေ့ရတယ်။ ဒါတွေဟာ ကောလဟာလ တွေပါ” ဟု ဦးလဂျွန် ငန်ဆိုင်းကပြောသည်။
အောင်ဘာလီ ရပ်ကွက် အတွင်း တပ်ဆွဲ ထားသောKIA တပ်များ ဆုတ်ခွာ ပေးရန် အောက်တိုဘာလ ၁၄ ရက် ည ၆ နာရီတွင် အစိုးရ တပ်မတော် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်း ၁၁ မှ တပ်မမှူးက နှုတ်စကားဖြင့် အကြောင်းကြား လာသည်ဟု သတင်းများ ထွက်ပေါ် ခဲ့ပြီး နှစ်ဖက် တပ်များ တင်းမာမှု ဖြစ်ပွားကာ ဒေသခံ များ ကြောက်လန့်၍ ပြောင်းရွှေ့ ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ၀န်ကြီးချုပ်က“ကေအိုင်အို ဘက်က နေပြီး ဗိုလ်မှူးကြီး သန်းအောင်ထံ ဒီကိစ္စနဲ့ ပက်သက်ပြီး စာရေး လာတယ်။ ဗိုလ်မှူးကြီးသန်းအောင် ကလည်း ကျနော့်ထံ တင်ပြ ပြီးတော့ ပြည်ထောင်စု အစိုးရက လိုအပ်သလို ဆောင်ရွက်ဖို့ တင်ပြ ထားပါတယ်” ဟု ဦးလဂျွှန် ငန်ဆိုင်းက ဆိုပါသည်။
သို့သော်လည်း အောင်ဘာလီ ဒေသခံ အမျိုးသမီး တစ်ဦးကမူ လတ်တလောတွင်နှစ်ဖက် တင်းမာမှု မရှိဘဲ အေးချမ်း နေသော်လည်းစတင် သတင်းများ ထွက်ပေါ် လာချိန်တွင် နှစ်ဖက် ပစ်ခတ်မည့် အနေအထားများ တွေ့ရှိ ခဲ့ရ သည်ဟုု ဆိုသည်။
“ဥရုချောင်းရဲ့ဒီဘက် ကမ်းမှာက အစိုးရတပ် ဟိုဘက်ကမ်း မှာတော့ ကေအိုင်အေ၊ မဆုတ်ဘူး ဆိုရင်ပစ်မယ့် အနေအထားပဲ၊ တင်းမာမှု ဖြစ်တဲ့ နေ့ကပေါ့၊ လောလော ဆယ်တော့ အေးဆေး ပါဘဲ၊ အရင်ကတော့ ရွာသားတွေ ကြောက်လန့် နေကြတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့စည်း ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ပြည်ထောင်စု တပ်မတော်ဟု ခေါ်ဆိုသည့် ဖက်ဒရယ် အာမီ တည်ထောင် နိုင်ရန် ကြိုးပမ်းလျက် ရှိကာ အစိုးရ တပ်မတော်အား တိုက်ခိုက်ရန် စီစဉ် နေသည်ဟု ဆိုသည့် ကောလ ဟာလ များလည်း ထွက်ပေါ် ခဲ့ကြောင်း UNFC ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။
“ကျတော်တို့ စဉ်းစား နေကြတဲ့ ဖက်ဒရယ် တပ်မတော် ဆိုတာ အစိုးရကို တို်က်ဖို့ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေး ပြီးတဲ့နောက် အနာဂတ်မှာ လက်နက်ကိုင် တပ်တွေဟာ တပ်ပေါင်းစု ပုံစံ အဖြစ်နဲ့ အထောက်အကူ ဖြစ်စေဖို့ အတွက် အခြေခံ အဖြစ်တော့ ပြင်ဆင်ထားတာ ဖြစ်တယ်” ဟု နိုင်ဟံသာက ပြောသည်။
ထို့ပြင် NLD၊ UNA၊ UNFC တို့ သီးသန့် တွေ့ဆုံ ရာတွင် သမ္မတ ဦးသိန်းစိန် လက်ထက် အတွင်း အပစ်အခတ် ရပ်စဲရေးနှင့် နုုိင်ငံရေး ဆွေးနွေး မှုများကို မပြုလုပ်ရန် ဆွေးနွေး သဘော တူညီ ခဲ့သည် ဆိုသည့် ကောလဟာလ များလည်း ထွက်ပေါ် ခဲ့ကြောင်း ဒေါက်တာ တူးဂျာက ဆိုပါသည်။
ထိုသို့ အမျိုးမျိုး ပေါ်ထွက် လာနေသည့် ကောလဟာလ အကြောင်အရာ များအား ပြည်သူများမှာ အဓိက ခံစား ရကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ နည်းပညာ အကြံပေး အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဦးဒေါင်ခါးက သုံးသပ် ပြောဆိုသည်။
“မှန်တယ် မှားတယ် ဆိုတာ ဒုတိယ အဆင့် မှာဘဲ ရှိပါတယ်။ သတင်း တစ်ခုခု ဖြစ်လာပြီ ဆိုရင်စိုးရိမ် ကြောင့် ကြမှုတွေ ကအရင် ဖြစ်လာ တတ်ပါတယ်” ဦးဒေါင်ခါးက ပြောသည်။
ဆက်လက် ၍လည်း ဦးဒေါင်ခါးက “ဗမာပြည်ရဲ့ နိုင်ငံရေး အခင်း အကျင်းနဲ့စစ်ရေး အခင်း အကျင်းက ခုတစ်မျိုး၊ ခုတစ်မျိုး ဖြစ်နေတယ်။ ကောလဟာလ ဖြစ်သွား အောင်လဲ ဖန်တီးလို့ ရတယ်။ ရည်ရွယ်ချက် ရှိရှိ ဟုတ်သွား အောင်လည်း ဖန်တီးလို့ ရတယ်”ဟုမှတ်ချက် ပြု၍ ဆက်လက် ပြောကြားသည်။