ယခုနှစ်၏ သြဂုတ်လ (၁၀) ရက်နေ့၌ ကျရောက်မည့် (၆၇) ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို မွန်ပြည်သစ်ပါတီမှ နေရာ (၅) နေရာ၌ ကျင်းပရန် စီစဉ် ထားကြောင်း ဗဟိုအလုပ် အမှုဆောင် နိုင်အေးမွန်က ပြောသည်။
၁၉၄၈ ခုနှစ် မြန်မာ့ သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင် လပြည့် နေ့တွင် မွန်တိုင်းရင်းသား ကာကွယ်ရေး အဖွဲ့ MNDO မှ ကရင်ပြည်နယ် ဇာသပြင် ရဲစခန်းအား ဝင်ရောက် စီးနင်း၍ မွန်တော်လှန်ရေး အစပြု ခဲ့သည်ကို အစွဲပြု၍ မွန်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ် ထားခဲ့ကာ နှစ်စဉ် အခမ်းအနားများ ကျင်းပခဲ့ကြသည်။
ယခုနှစ်တွင် ကျရောက်မည့် တော်လှန်ရေးနေ့ အခမ်းအနားကို မွန်ပြည်သစ် ပါတီမှ ရေးချောင်းဖျားရှိ ဗဟိုဌာနချုပ် စခန်း၊ ထားဝယ် ခရိုင်၊ မော်လမြိုင် ခရိုင်၊ သထုံ ခရိုင်နှင့် ဘုရားသုံးဆူ မြို့နယ်နှင့် ဗဟို ဝန်းကျင် ဒေသ နေရာ (၅) နေရာ တို့၌ ၎င်းတို့၏ ကမကထ ပြုမှုဖြင့် အထိမ်း အမှတ် အခမ်းအနားများ ပြုလုပ်သွားမည် ဖြစ်သည်။
ဘုရားသုံးဆူ မြို့နယ်နှင့် ဗဟို ဝန်းကျင် ဒေသ အတွက် ဂျပန် ရေတွင်း ကျေးရွာ၌ ပြုလုပ်ရန် လျာထား သော်လည်း ဌာနချုပ်မှ ခွင့်မပြု၍ ဗလယ်ဒွန်းဖိုက် ကျေးရွာ ၌သာ ပြုလုပ်ရန် ဆုံးဖြတ် ထားကြောင်း ဘုရားသုံးဆူ မြို့နယ် ဥက္ကဋ္ဌ နိုင်ထောရောဒ့်က ဆိုသည်။
“ဂျပန် ရေတွင်း ကျေးရွာမှာ လုပ်မယ် ဆိုရင် သွားရ လာရတာ အဆင် ပိုပြေ တယ်လေ၊ ပုရိသတ် အင်အား ပိုများများ ရမှာပေါ့၊ ဒါပေမယ့်လို့ ဗဟိုက ခွင့်ပြုချက် မပေး ခဲ့ဘူး၊ နဂို ဗဟို အလုပ် အမှုဆောင်တွေ ဆုံးဖြတ် ထားတဲ့ အတိုင်းပဲ ဗလယ်ဒွန်းဖိုက် ကျေးရွာမှာ လုပ်ဖို့သာ ဗဟိုက ညွှန်ကြား ထားပါတယ်” ဟု ၎င်းမှ ပြောသည်။
မြန်မာလ၏ ဝါခေါင် လပြည့် နေ့၌ ကျရောက်သည့် တော်လှန်ရေးနေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပ လာခဲ့သည်မှာ ယခု၌ (၆၇) ကြိမ် တိုင်ခဲ့ ပြီလည်း ဖြစ်ကာ မွန်ပြည်သစ် ပါတီမှ ကမကထ ပြုမှုများအပြင် မွန်ပြည်သူ လူထုများမှလည်း ၎င်းတို့၏ အသိစိတ်ဖြင့် မိမိတို့ နေထိုင်ရာ ဒေသ များ၌လည်း အထိမ်းအမှတ် အခမ်းအနားများ ပြုလုပ်ကြသည်။
ရန်ကုန်မြို့၌ မွန်လူငယ်များမှ ဦးဆောင်၍ ဗဟန်းမြို့နယ် ဗဟန်း (၃) လမ်းရှိ ဓမ္မဒူတ မွန်ဓမ္မာရုံ၌ မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ပြုလုပ်ရန် စီစဉ် ထားကြောင်း စီစဉ်သူများ ထံမှ သိရှိ ရသည်။
ထို့ပြင် မော်လမြိုင်မြို့နှင့် အနီးအနားမှ မွန်ပြည်သူများ၊ မွန်လူငယ် အဖွဲ့များ စုပေါင်း၍ မုဒုံမြို့ရှိ ဝင်းစိန် တောရရှိ ကွန်လွန်သွားသော ခေါင်းဆောင် ဟောင်းများ၏ အရိုးများ မြုပ်နှံထားသည့် နေရာ၌ တစ်နေရာတည်း စုစည်း ပြုလုပ် နိုင်ရန် ပြင်ဆင် နေကြောင်း မော်လမြိုင် မြို့ရှိ မွန်လူငယ် တစ်ဦးက ဆိုသည်။