ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီ မြို့နယ်၊ နမ့်ဆလပ် ရွာအနီးတွင် မြန်မာ့ တပ်မတော် ခမရ (၄၅) နှင့်တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် MNDAA (ကိုးကန့် တပ်မတော်) ပူးပေါင်း အဖွဲ့တို့ ယမန်နေ့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ခဲ့ရာ TNLA မှတစ်ဦး ဒဏ်ရာ ရရှိပြီး အစိုးရ တပ်မှလည်း အထိအခိုက် ရှိခဲ့ကြောင်း TNLA အဖွဲ့ အထွေထွေအတွင်းရေးမှူးက တာဘုန်းကျော်ပြောသည်။
“ကျနော် တို့ကလည်း အဲဒီ နမ့်ဆလပ်ရွာ တောတွင်းမှာ လှုပ်ရှားနေတယ်၊ သူတို့က နမ့်ဆလပ် ဘက်ကနေ ဖြတ်တက် လာတယ်၊ လမ်းမှာ တွေ့ပြီး နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ကြတယ်။ နာရီ ၀က်လောက်တိုက်ပွဲ ဖြစ်သွားတယ်” ဟု ပြောသည်။
ယမန်နေ့ နံနက် (၉) နာရီချိန် ကွတ်ခိုင်နှင့် သီန္နီ လမ်းမကြီး အရှေ့ဖက် နမ့်ဆလပ်ရွာအနီးရှိ တောင်ကုန်း ပေါ်တွင်ဖြစ်ပွားခဲ့သော နှစ်ဖက် တိုက်ပွဲတွင် ပလောင် အဖွဲ့မှ ရဲဘော် တစ်ဦးလက်မောင်း ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်ဟု တာဘုန်းကျော်ကပြောသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ (၁၄)ရက်နေ့ ညကလည်း မန္တလေး-လားရှိုး -မူဆယ် ပြည်ထောင်စု လမ်းမကြီး အရှေ့ဖက် ကွတ်ခိုင် မြို့နယ်၊ တာမိုးညဲ မြို့နယ် ခွဲရှိ မြန်မာ့ တပ်မတော်၏ ခလရ ၂၉၀ တပ်ဖွဲ့ဝင်တို့နှင့် ကချင်တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း၊ TNLA ဗျူဟာ(၅) လက်အောက်ခံ တအာင်းပျောက်ကျားတပ် (၃၃၅) ၊ကိုးကန့် MNDAA တပ်ရင်း (၃) တို့ပူးပေါင်း စစ်ကြောင်းနှင့် ည (၁၁:၁၅) မိနစ်မှ (၁၂)နာရီ အထိတိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
ထို မေလ (၁၄) ရက်နေ့ တိုက်ပွဲတွင် တအောင်း၊ကချင်နှင့်ကိုးကန့်ပူးပေါင်း လှုပ်ရှား မှုကိုဝိုင်းရံ ပိတ်ဆို့ ထိုးစစ် ဆင်မှုနှင့် ပခုံးထမ်း အာပီဂျီလက်နက်ကြီး၆ လုံးကိုပစ်ခတ် ခဲ့ပြီး ထိုပစ်ခတ် မှု၍ အစိုးရ တပ်မှ အထိ အခိုက် အကျအဆုံး ရှိခဲ့ကြောင်း တအာင်း ပြန်ကြားရေးမှ သတင်း ထုတ်ပြန် ထားပါသည်။
၎င်းပြင် မေလ (၁၃)ရက်နေ့ ၌လည်းမြန်မာ့ တပ်မတော်ခလရ ( ၃၀၁) ၊တပ်မ (၈၈ တို့သည်ရှမ်းပြည်နယ် မြောက်ပိုင်း၊မူဆယ်ခရိုင်၊နမ့်ခမ်း မြို့နယ်၊ဆိုင်တောင်၊မန်ကန်၊ဖာဒဲန် ကျေးရွာ များသို့ ၀င်ရောက် ခဲ့ကာ အိမ်တွင်းရှိ ပစ္စည်းများ ရိုက်ချိုး ဖျက်ဆီး ခဲ့ကာ တန်ဖိုးရှိ ပစ္စည်း ငွေကြေး များကိုလည်း ယူဆောင် သွားခဲ့ကြောင်း အမည် မဖော်လိုသည့် ဒေသခံ တစ်ဦးက ပြောသည်။
၎င်းပြင် TNLA တပ်နှင့်အဆက်သွယ် ရှိသူဟုသံသယ ရှိသူ များအားသေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက် မှုများ ပြုလုပ် ခဲ့ကြောင်း ၎င်းဒေသခံများမှသိရသည်။
တအောင်း ဒေသရှိ စစ်ပွဲ များကြောင့် ဒေသခံ တအောင်း ပြည်သူ လူထုတို့မှာ နီးစပ်ရာ ဆွေးမျိုး၊ လုံခြံု မည်ဟု ထင်ရသည့် တောတောင် များထဲတွင် ပုန်းရှောင်နေကြရပြီး ဒုက္ခသည် အရေအတွက် ဆက်လက်တိုးလာ သည်ကို အတိအကျ စာရင်းပြုစုရန်ခက်ခဲနေကြောင်း ပလောင် အမျိုးသမီး အစည်းအရုံးမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၂) လွေးပိုးညိူဝ်က ပြောပါသည်။
TNLA၊ KIA၊ MNDAA တိုင်းရင်းသား တပ်ဖွဲ့များ စိုးမိုး ထားသည့် အဆိုပါ ကွတ်ခိုင် မြိုနယ် ပြည်ထောင်စု ကားလမ်းမှ သံလွင်မြစ် အထိ နယ်တခု တည်းကိုပင် မြန်မာ့ တပ်မတော်မှ ဒေသ အခြေစိုက် ရမခတိုင်း လက်အောက်ခံ တပ်ရင်းများ၊ စကခ (၁၆) မှ တပ်ရင်းများ၊ တပ်မ (၇၇) မှ တပ်ရင်းများ၊ တပ်မ (၈၈) မှ တပ်ရင်းများ၊ ဒစက လောက်ကိုင် အခြေစိုက် တပ်ရင်းများ စုစုပေါင်း တပ်ရင်း(၂၀) ခန့် အင်အားဖြည့် ထိုးစစ် ဆင်နေလျှက် ရှိကြောင်း TNLA အထွေထွေ အတွင်းရေးမှူး တာဖုန်းကျော်ကပြောပါသည်။
၂၀၁၄ ခုနှစ် အစပိုင်းမှ စ၍ယနေ့ အထိ ရှမ်းပြည် မြောက်ပိုင်းရှိ ပလောင် ဒေသတွင် တိုက်ပွဲ အကြိမ်ပေါင်း (၅၀) ကျော်ထိ ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်ဟု TNLA တိုက်ပွဲ စာရင်းများ အရ သိရှိ ရပါသည်။