ပလောင်နှင့် ကချင်ပူးပေါင်းတပ်ဖွဲ့အား အစိုးရတပ်မှ ပြင်းထန်စွာစစ်ဆင်

ပလောင်နှင့် ကချင်ပူးပေါင်းတပ်ဖွဲ့အား အစိုးရတပ်မှ ပြင်းထန်စွာစစ်ဆင်
by -
ရွှေဟင်္သာ

အစိုးရ ပူးပေါင်းတပ် များသည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေး ရွာအုပ်စုနမ့်လိတ် တောင်တန်းတွင် လှုပ်ရှားနေသော ပလောင်နှင့် ကချင်တပ်ဖွဲ့များ အား ယနေ့ နေ့လည်မှစပြီး စတင် ထိုးစစ်ဆင် ခဲ့ရာတိုက်ပွဲ နှစ်ကြိမ် ပြင်းထန်စွာ ဖြစ်ပွား ခဲ့သည်ဟု ရှေ့တန်းရောက် တအာင်း တပ်မှူး တဦးက ဆိုပါသည်။

“ တိုက်ပွဲကတော့ နေ့လည် နေ့လည် (၁၂း၃၀) နာရီကနေ (၁၃း၃၀) နာရီအထိ တကြိမ်နဲ့ တခါညနေ (၁၆းဝဝ)နာရီ ကနေ ဆက်ဖြစ်ပြန်တယ်။ နေ့လည် ပွဲကတော့ နေ့လည် (၁၂)နာရီက စပြီးတော့ သူတို့က ပလောင်နဲ့ ကချင်တပ်တွေ ရှိတဲ့ နေရာကို မှန်းပြီး လက်နက်ကြီးနဲ့ တလစပ် မနားတမ်း အရင်ပစ် တယ်။ ပြီးတော့မှ နာရီဝက်အကြာမှာမှ တောင်ကုန်းကို တက်ထိုးတာ ပေါ့နော်။ အဲဒါနဲ့ ၁၂နာရီခွဲ လောက်မှာ ကျနော်တို့ ထောင်ထားတဲ့ ရှေ့ထွက်မိုင်းတွေ ကွဲသံကြားတယ်၊ အဲဒါနဲ့ ချက်ချင်း အသံတိတ် ကုန်တာဘဲ” ဟု ဆိုပါသည်။

ရှေ့ထွက်မိုင်းကြောင့် ထိခိုက်မှုများဖွယ် ရှိသောကြောင့် လူနာသယ်ထုတ် ခဲ့ရသည့်အတွက် နောက်ဆုတ်သွားပြီး ခေတ္တ အပစ်ရပ်ခဲ့ ကြောင်းဆိုပါသည်။ လူနာများ ရှင်းလင်း သယ်ထုတ်ပြီးနောက် အစိုးရတပ်များသည်  ဒုတိယအကြိမ် ထပ်မံ ထိုးစစ် ဆင်သည့်အနေဖြင့် ညနေ (၄)နာရီခန့်တွင် လက်နက်ကြီးများ ထပ်မံပစ်ခတ် ခဲ့ပြန်ပါသည်။  

တိုက်ပွဲသည် ရေရှည် တိုက်နည်းကို အခြေခံထား သဖြင့် ကြိုးကြား ပစ်ခတ်နေပြီး ပလောင် ပူးပေါင်းတပ်ဖွဲ့များ မရွှေ့ပြောင်း သွားစေရန် ရည်ရွယ်ပြီး ထိမ်းသိမ်း ပစ်ခတ် ထားခဲ့ကြောင်း ဆိုပါသည်။ ၄င်းတို့သည် စစ်ကူ တောင်းခံနေခြင်း ဖြစ်ဖွယ် ရှိပြီး နက်ဖြန်တွင် တိုက်ပွဲပြင်းထန်ရန် အလားလာ ရှိနေသည်ဟု ရှေ့တန်းရှိ ပလောင်တပ်မှူး က ဆိုပါသည်။

ယနေ့ တိုက်ခိုက်မှုသည် အစိုးရခလရ ၁၂၃၊ ၁၄၃ နှင့် ၂၉၀ ပူးပေါင်း စစ်ကြောင်းတို့မှ တအာင်း (TNLA) တပ်ရင်း (၁၁၂) တပ်ဖွဲ့နှင့် (KIA) တပ်ရင်း (၈) ပူးပေါင်း တပ်ဖွဲ့များအား တိုက်ခိုက်နေခြင်း ဖြစ်ပါသည်။

အစိုးရ တပ်များသည် ရှမ်းပြည် မြောက်ပိုင်းမှ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် နမ့်ဆမ်မြို့နယ် များရှိ  တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ကချင်တပ်မဟာ (၄)တပ်ဖွဲ့များအား စစ်ဆင်ရန် စစ်အင်အား နှစ်ဆတိုးထား ခဲ့သည်ဟု ဆိုပါသည်။

အထူးသဖြင့် ရှမ်း-ကချင်ပြည်နယ်စပ် နေရာများနှင့် တအာင်း(ပလောင်) ဒေသတွင် အနည်းဆုံး တပ်ရင်းပေါင်း(၁၅) ရင်းခန့် တိုး ထားပြီးမှ စစ်ဆင်လာခြင်း ဖြစ်ပါ သည်။ အလားတူ ရှမ်းပြည်မြောက်ပိုင်း နယ်စပ်ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ တပ်မဟာ (၃) ဧရိယာမှ တပ်ရင်း (၁၂)၌လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပါသည်။

အစိုးရသည် ဆီးဂိမ်း အားကစားပွဲ ကျင်းပရန် စတင်နေပြီး ဖြစ်သည်။ ဤကဲ့သို့ လူထုများ ဆီးဂိမ်း အားကစားပွဲသို့ အာရုံ ရောက်နေချိန်တွင် စစ်ဆင်ရေး များ ပြင်းထန်စွာ စစ်ဆင် တတ်ပါသည်။ ဤနည်း ပရိယာယ်သည် ဦးနေဝင်းခေတ် ဖြစ်သည့် ဗမာပြည် ကွန်မြူနစ်ပါတီ စစ်ဆင်ရေးမှ ယနေ့ စစ်ဆင်ရေးအထိ ကျင့်သုံးနေကျ ဖြစ်ကြောင်း စစ်ရေးလေ့လာ သူများက သုံးသပ်ခဲ့ပါသည်။

Most read this week