လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲသို့ “ဝ” နှင့် “မိုင်းလား” တက်ရောက်နိုင်မည်မဟုတ်

လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲသို့ “ဝ” နှင့် “မိုင်းလား” တက်ရောက်နိုင်မည်မဟုတ်
by -
ရွှေဟင်္သာ

တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့ ထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အပြင် အဖွဲ့ဝင် မဟုတ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ စုစုပေါင်း (၁၉) ဖွဲ့အား ဖိတ်ကြာ ထားခဲ့ရာ “ဝ” နှင့် “မိုင်းလား” အဖွဲ့တက်ရောက်ရန် အခက်အခဲရှိကြောင်း အကြောင်းပြန်ထားသည်ဟု အခမ်းအနား ဖြစ်မြောက်ရေး ကော်မီတီတစ်ဦးက ပြောသည်။

“ ဝပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSP) နဲ့ မိုင်းလား (NDAA-ESS) အဖွဲ့ တို့က ကိုယ်စားလှယ် တွေကတော့ ခေါင်းဆောင် ပိုင်းတွေ ကျန်းမာရေး မကောင်းလို့ တက်ရောက်ဖို့ အခက်အခဲ ရှိတယ်လို့ အကြောင်း ကြားထားတယ်” ဟု ၄င်းက ဆိုပါသည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ဗဟိုဌာနချုပ် လိုင်ဇာ စခန်း၌ အောက်တိုဘာလ (၃၀) ရက်နေ့မှ သုံးရက်တာ  ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ ထိပ်သီး ဆွေးနွေး ပွဲအား တက်ရောက်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၇) ဖွဲ့မှ ခေါင်းဆောင်များ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆရာဒေါင်ခါး က ပြောသည်။

၄င်း တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်စားလှယ် များသည် အောက်တိုဘာလ (၂၇) ရက်နေ့၌ တာချီလိတ် မြို့မှ တဆင့် လေကြောင်း ခရီးဖြင့် မြစ်ကြီး နားသို့ ရောက်ရှိလာကာ ထို့နောက်မှ အောက်တိုဘာလ (၂၈) ရက်နေ့တွင် လိုင်ဇာ ဗဟိုဌာနချုပ်သို့ ဆက်လက် ထွက်ခွာ သွားခဲ့သည်။

ထို ဆွေးနွေး ပွဲအား တက်ရောက်ကြမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ UNFC အဖွဲ့ဝင် (၁၃) ဖွဲ့၊ KNU/KNLA ကရင် ငြိမ်းချမ်းရေး ကောင်စီ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးအဖွဲ့ RCSS၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP နှင့် ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA အဖွဲ့တို့ ပါဝင်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် (၃) ဦးကျစီ ဖိတ်ကြား ထားသော်လည်း အချို့ တိုင်းရင်းသား အဖွဲ့ များမှ ပြည်တွင်း အခြေစိုက် နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ် များလည်း တက်ရောက် လိုသည့် ကမ်းလှမ်းမှုများ ရှိခဲ့သဖြင့် တစ်ဖွဲ့လျှင် ကိုယ်စားလှယ် (၃) ဦးမှ အများဆုံး (၅) ဦး အထိ ခွင့်ပြု ထားသည်ဟု သိရှိ ရသည်။

၄င်း လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲအား အစိုးရ ကိုယ်စားလှယ်များ တရားဝင် တက်ရောက်ရန် မရှိသော်လည်း ထိုဆွေးနွေးပွဲ ဖြစ်မြောက်ရေး အတွက် အကူအညီ ပေးနိုင်ရန် မြန်မာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို (MPC) မှ ကိုယ်စားလှယ် တစ်ဦး စေလွှတ် ထားကာ ခရီးသွားလာရေး ဆိုင်ရာ အခက်အခဲ များအား ဝိုင်းဝန်း ကူညီ ပေးနိုင်ရန် စေလွှတ် ထားကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဒေါက်တာ မင်းဇော်ဦးက ပြောသည်။

“လိုအပ်တဲ့ လေယာဉ် ခရီးစဉ် အတွက် လက်မှတ်တွေ အခက်အခဲ မဖြစ်အောင် ကျနော်တို့ MPC က အဖွဲ့ဝင် တစ်ဦးကို အကူအညီ ပေးနိုင်ဖို့ စေလွှတ် ထားပေး ခဲ့တာတော့ ရှိတယ်” ဟု ဆိုသည်။

အစိုးရက ယခု နိုဝင်ဘာ လကုန်၌ ကျင်းပရန် လျာထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ တက်ရောက်နိုင်ရေးအတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင် ကိစ္စ စသည့် ကိစ္စရပ် များကို ဆွေးနွေး ကြမည် ဖြစ်သည်။

ယခု ကဲ့သို့ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာစခန်း၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးဆွေးနွေးပွဲ ကျင်းပ နိုင်ရေး အတွက်လည်း ပြီးခဲ့သည့် အောက်တိုဘာလယ်၌ KIO ကိုယ်စားလှယ်များနှင့် အစိုးရ ကိုယ်စားလှယ်တို့ မြစ်ကြီးနား မြို့၌ တွေ့ဆုံကြစဉ် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့သည်။

Most read this week