မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အောက်လမ်းမကြီးရှိ “ပန်းကောင်းရွှေစင်” စတိုးဆိုင် မီးလောင်ကျွှမ်းမှု၌ သက်ဆိုင်ရာ အိမ်ရှင် ဒေါ်စန်းစန်းစိုးအား မော်လမြိုင်မြို့မ ရဲစခန်းက မီးပေါ့ဆမှု ပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူ ထားသော်လည်း အာမခံဖြင့် ပြန်လွှတ် ပေးထားကြောင်း မြို့မရဲစခန်းမှ ဒု-တပ်ကြပ် ဌေးမြင့်အောင်က ပြောသည်။
“ကျနော်တို့ အနေနဲ့ ထိန်းသိမ်း ထားတာတော့ မရှိပါဘူး၊ အမှု ဖွင့်တယ် ဆိုတာ ကတော့ ဖွင့်ရ မှာပဲလေ၊ ဒါပေမယ့် အာမခံနဲ့ ပြန်လွှတ် ထားပေးတယ်၊ ကာယကံရှင်က တရားရုံးမှာ အမှု ရင်ဆိုင် ရမှာပေါ့” ဟု ဒု-တပ်ကြပ် ဌေးမြင့်အောင်က ပြောသည်။
ထို့အတွက် အမြင့်ဆုံး အပြစ်ပေး နိုင်မှုမှာ ငွေဒဏ်သာ ချမှတ် ခံရနိုင်မည် ဖြစ်ကာ၊ ထောင်ဒဏ် ကျခံ နိုင်သည့် အထိ ပစ်ဒဏ် ချမှတ် ခံရနိုင်ဖွယ် မရှိကြောင်း ဒု-တပ်ကြပ် ဌေးမြင့်အောင်က ပြောသည်။
ကနဦး စစ်ဆေးချက် အရ စတိုးဆိုင် မီးလောင်ကျွှမ်း ခဲ့သည့် အိမ်ရှင်မှ ကလေး ကစားစရာ အရုပ်တွင် ထည့်ထားသည့် ဓါတ်ခဲ အပူ လွန်ကဲ ရာမှ တဆင့် မီးလောင်ကျွှမ်းခြင်း ဖြစ်သည်ဟု အိမ်ရှင်မှ ထွက်ဆို ထားသည်။
“ပန်းကောင်းရွှေစင်” စတိုးဆိုင်သည် ကလေး ကစားစရာ အရုပ်နှင့် မွှေ့ယာနှင့် အခြား အသုံးအဆောင် ပစ္စည်းများ ရောင်းချ နေသည့် စတိုးဆိုင် တစ်ခု ဖြစ်သည်။
ထို့ကြောင့် ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် (၉) နာရီ ခန့်မှ (၁၂) နာရီ အထိ အိမ်၏ အထပ်ခိုးမှ စ၍ လောင်ကျွှမ်းကာ သုံးနာရီ ကျော်ကြာ မီးလောင်ကျွှမ်းခဲ့ပြီး နှစ်ထပ်တိုက်တစ်လုံး လုံးဝ လောင်ကျွှမ်း ပျက်ဆီး သွားခဲ့သည်။
မီးလောင်ကျွှမ်း မှုကို အချိန်မီပင် ထိန်းသိမ်းကာ ငြိမ်းသတ် နိုင်ရန် အတွက် မော်လမြိုင် မြို့နယ် မီးသတ် တပ်ဖွဲ့ဝင် အင်အားဖြင့် မလုံလောက် သဖြင့် နီးစပ်ရာ ကျိုက်မရောနှင့် မုတ္တမ မြို့နယ် များမှ မီးသတ် ဌာနသို့ အကြောင်းကြားကာ အကူအညီ တောင်းခဲ့ ရကြောင်း ပြည်နယ် မီးသတ်ရုံးမှ ဒု-ဦးစီးမှူး ဒေါ်ခင်ဝင်းဆွေက ပြောသည်။
“ကျွှန်မတို့ မြို့နယ်နဲ့ မလောက်တော့ ပါဘူး၊ အဲကြောင့် နီးစပ်ရာ မြို့နယ် တွေကို အကူအညီ တောင်းလိုက် ရတယ်၊ အချိန်တော့ မီပါတယ်၊ ရေပြတ် သွားမှာ စိုးလို့လည်း ပါတယ်” ဟု ဒု-ဦးစီးမှူး ဒေါ်ခင်ဝင်းဆွေက ပြောသည်။
ထိုရပ်ကွက်သည် အဆောက်အဦးများ လူနေအိမ်များ ထူထပ်သည့် ရပ်ကွက်လည်း ဖြစ်ကာ ဘေးအိမ် များသို့ လောင်ကျွှမ်းမည်ကို စိုးရိမ် ခဲ့ရသော်လည်း ထိုအန္တရာယ်ကို မီးသတ် အဖွဲ့ဝင်များမှ အချိန်မီ တားဆီး နိုင်ခဲ့ကာ ဘေးအိမ် များသို့ လောင်ကျွှမ်းမှုကို ဟန့်တား နိုင်ခဲ့သည်။
ထိုသို့ မီးအား အချိန်မီ ငြိမ်းသတ် နိုင်ရန် အတွက် မီးသတ်ကား အစီး (၂၀) နှင့် မီးသတ်၊ အရန်မီးသတ် အင်အား (၄၂) ဦး အသုံးပြု ခဲ့ကြောင်း ဒေါ်ခင်ဝင်းဆွေက ဆက်ပြောသည်။
ထိုမီးလောင်ကျွှမ်း မှု၌ လူအသေအပျောက် မရှိခဲ့ပဲ စတင် လောင်ကျွှမ်း ခဲ့သည့် “ပန်းကောင်းရွှေစင်” စတိုးဆိုင် နှစ်ထပ်တိုက် တစ်လုံး လောင်ကျွှမ်း ပျက်ဆီး ခဲ့ကာ ကာလ တန်ဖိုး မြန်မာကျပ်ငွေ ၆၅ သိန်း ၅ သောင်း ဆုံးရှူံး ခဲ့သည်ဟု ပြည်နယ် မီးသတ် အစီရင် ခံစာ၌ ဖော်ပြ ထားသည်။