တစ်နိုင်ငံလုံးလက်မှတ်ရေးထိုးပွဲတွင် အဖွဲ့အားလုံးပါဝင်နိုင်ရေးသည်သာ အနှစ်သာရဟု RCSS ဆို

တစ်နိုင်ငံလုံးလက်မှတ်ရေးထိုးပွဲတွင် အဖွဲ့အားလုံးပါဝင်နိုင်ရေးသည်သာ အနှစ်သာရဟု RCSS ဆို
by -
ရွှေဟင်္သာ

အစိုးရ၏တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲအား လက်ခံသည့်အဖွဲ့များ ဖြင့်လက်မှတ်ရေးထိုးပြီး စတင်အကောင်အထည်ဖေါ်မည့်သဘောထား မဖြစ်သင့်ကြောင်း တိုက်တွန်း ပြောကြားလိုက်သည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်းက ဆိုသည်။

ပြီးခဲ့သည့်အောက်တိုဘာလ (၁) ရက်နေ့တွင် ကျင်းပသည့်ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးက တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဒုတိယဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်းက “ ဦးအောင်မင်းရဲ့ ပြောကြား ချက်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အစိုးရ ဖော်ဆောင် လိုတဲ့တစ်နိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ အဖွဲ့အစည်းအားလုံး ပါဝင်မှတစ်နိုင်ငံလုံး အတိုင်းအတာဆောင်တယ်လေ။ အဲဒီလို အခြေအနေမျိုးမှာ သက်သေ အနေနဲ့ နိုင်ငံ တကာက ပါဝင်လာရင် ပိုကောင်း တာပေါ့” ဟု ဆိုပါသည်။

၀န်ကြီး ဦးအောင်မင်းသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ ကိုယ်စားလှယ်များနှင့် ပြီးခဲ့သည့်စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြစဉ် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကျင်းပမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

RCSS သည် အဖွဲ့အစည်းအားလုံးပါဝင်လာနိုင်ရေးကို ကြိုပမ်းလုပ်ဆောင် သွားမည့်အပြင် ယင်းအခမ်း အနားကိုလည်းတက်ရောက်မည်ဖြစ်ပြီး ပါဝင်လက်မှတ်ရေးထိုးမည်ဟုလည်း အရေးပေါ်ဗဟိုအလုပ် အမှုဆောင် အစည်းအဝေးမှ ချမှတ်ထားပြီး ဖြစ်ကြောင်း ဆိုပါသည်။

သို့သော်လည်း အစိုးရဖော်ဆောင်မည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို စိတ်ဝင်စား သည့်အဖွဲ့များ နှင့်သာ လက်မှတ်ရေးထိုးသည့် အခမ်းအနားမျိုးကိုမူ RCSSအဖွဲ့အနေဖြင့် ပါဝင်မည်မဟုတ် သောကြောင့် တစ်ဖက်သတ်ကျင်းပသည့် အခမ်းအနားမျိုးမဖြစ်ရန် RCSS အနေဖြင့် မြန်မာအစိုးရအား တိုက်တွန်းလိုပါကြောင်း ပြောခွင့်ရသူကဆိုပါသည်။

ထို့အပြင် RCSS အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် အစိုးရနှင့် ၂ နှစ်တာရယူထားသည့် အပစ်အခတ် ရပ်စဲရေး အခြေအနေများကိုလည်း ပြန်လည်သုံးသပ်ခဲ့ရာတွင် အပစ်အခတ် ရပ်စဲကာလအတွင်း RCSS တပ်ဖွဲ့နှင့်အစိုးရတပ်ဖွဲ့ တို့သည် တိုက်ပွဲပေါင်း ၁၃၃ ကြိမ်ဖြစ်ပွားခဲ့သည့်အနက် ၁၂၂ ကြိမ် ခန့်သည် နှစ်ဖက်သဘောတူညီချက်များကို အစိုးရတပ်ဘက်မှ  ချိုးဖောက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်ကိုတွေ့ရှိခဲ့ရ သည်။

RCSS ၏ ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုမိန်း မြို့နယ်ခွဲနှင့် မိုင်းထား မြို့နယ်ခွဲအကြားရှိ RCSS လွိုင်တိုင်လျန်း ဗဟိုဌာနချုပ်တွင် ကျင်းပခဲ့စဉ် ဗဟိုအလုပ်အမှုဆောင် အပါအဝင် ကိုယ်စားလှယ် (၄၀)ကျော် တက်ရောက်ခဲ့သည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန်အစိုးရသစ်နှင့် ပထမဆုံး အကြိမ် တစ်ဖွဲ့ချင်းအပစ်အခတ်ရပ်စဲရေးကို လက်မှတ် ရးထိုး ခဲ့သောအဖွဲ့ဖြစ်သည်။

Most read this week