ယုံကြည်မှုအတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေး ဆွေးနွေးပွဲမှ အချက် ၅ ချက်ပါ ကြေငြာချက်ထုတ်ပြန်

ယုံကြည်မှုအတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေး ဆွေးနွေးပွဲမှ အချက် ၅ ချက်ပါ ကြေငြာချက်ထုတ်ပြန်
by -
ရွှေဟင်္သာ

စက်တင်ဘာလ (၂၃) ရက်နေ့၌ ပြီးဆုံး သွားသည့် ရှမ်း၊ ကယား၊ မွန်ပြည်နယ်မှ လူမှု အဖွဲ့အစည်းများ ကမ ကထ ပြု ကျင်းပ ခဲ့သည့် ယုံကြည်မှု အတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေး ဆွေးနွေးပွဲမှ ရလာဒ် (၅) ချက် ဆုံးဖြတ်နိုင်ခဲ့ သည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် ကယန်း ပြည်သစ် ပါတီမှ ဗိုလ်မှူးကြီး စောလွင်က ဆိုပါသည်။

“ အဲဒီ ဆုံးဖြတ်ချက် ကတော့ ဆွေးနွေးပွဲ တက်ရောက်တဲ့ အဖွဲ့အစည်းတွေ ပါတီ အသီးသီး ကနေပြီးတော့ သူတို့ရဲ့နယ် မြေမှာ ပြည်သူ လူထုတွေကို ပြန်လည် ချပြဖို့ပါ။ နောက်ထူးခြားချက် ကတော့ ရှမ်း၊ ကယား၊ မွန်ဆိုတဲ့ အမည်သာ ခံတယ်။ တကယ်တော့ ပြည်နယ် ပေါင်းစုံ ပြည်ထောင်စု ဆွေးနွေးပွဲ ဖြစ်သွားပါတယ်” ဟုဆိုပါသည်။

ထုတ်ပြန်ကြေငြာချက် ၅ ချက်မှာ-

(၁) တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ၊
(၂) မတရား အသင်း အက်ဥပဒေ အပါအဝင် ဒီမိုကရေစီ စံနှုန်းနှင့် မညီသော ဥပဒေ အားလုံးကို ရုပ်သိမ်းပေးရေး၊
(၃) ပင်လုံ စိတ်ဓာတ်ကို အခြေခံသော ညီလာခံကြီး တစ်ရပ် ကျင်းပရေးနှင့်
(၄) တန်းတူ၍ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ရှိပြီး ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊
(၅) ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ပြင်ဆင်ရေး (သို့မဟုတ်) အသစ် ပြန်လည် ရေးဆွဲရေးတို့ ဖြစ်သည်။

ဒုတိယ အကြိမ်မြောက် ယုံကြည်မှု အတွက် ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ လာရှိုး ဆွေနွေးပွဲ၏ သဘောထား (၄) ချက်ကို   အခြေခံပြီး တိုးပွား လာသည့်အချက်များဖြစ်ကြောင်း ဗိုလ်မှူးကြီးစောလွင်ကပြောပါသည်။

သဘောထား များအား အကောင်အထည် ဖေါ်ရန် လောလောဆယ်တွင် မစဉ်းစားနိုင်သေးကြောင်း၊ သီးခြား ဆွေး နွေးပွဲများ ကျင်းပခြင်း အားဖြင့် နည်းလမ်းများ ရှာဖွေ သွားကြမည် ဖြစ်ကြောင်း ဆိုပါသည်။

ယင်းဆွေးနွေးပွဲသို့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်နှင့် အစိုးရ ဘက်မှ MPC ပညာရှင်များ၊ ၈၈ ပွင့် လင်းလူ့အဖွဲ့စည်းမှ ကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်မှ ကိုယ်စားလှယ်များ၊
ABSDFမှ ကိုယ်စားလှယ်များနှင့် အခြား လေ့လာ သူများ စုစုပေါင်း ၃၃၁ဦး တက်ရောက် ခဲ့သည်ဟု ဆိုပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အစိုးရ၏ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်း အပါ၀င် ၀န်ကြီး (၄) ဦး တက်ရောက် ခဲ့ပါသည်။ ဖွင့်ပွဲတွင် ၀န်ကြီး ဦးအောင်မင်း သည် လာမည့် အောက်တိုဘာလတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို နေပြည်တော်၌ ကျင်းပရန် ရှိကြောင်း နှင့် မြန်မာ့ နိုင်ငံရေး ပြသနာကိုဖြေရှင်းနိုင် သည့် ညီလာခံ တစ်ရပ်လည်း ကျင်းပရန် ပြင်ဆင် သွားမည် ဖြစ်သည်ဟု ဆိုခဲ့ပါသည်။

ထို့အပြင် ယခု ကျင်းပ ခဲ့သည့် ဆွေးနွေးပွဲသည် ငြိမ်းချမ်းရေး အတွက်ရည်မှန်းပြီး ကျင်းပ ခဲ့ခြင်းဖြစ်သည့် အတွက် နိုင်ငံရေး အရကောင်းမွန်အောင် ပြုလုပ်နေသည် ဖြစ်သည့် အတွက် ၀မ်းသာကြောင်းဝန်ကြီး ဦးအောင်မင်းက ဆိုပါသည်။

Most read this week