ဗီဂျေနမ်ဘီးယား လိုင်ဇာကိုရောက်ရှိစဉ် ABSDF စခန်းသို့ လေ့လာခဲ့

ဗီဂျေနမ်ဘီးယား လိုင်ဇာကိုရောက်ရှိစဉ် ABSDF စခန်းသို့ လေ့လာခဲ့
by -
ရွှေဟင်္သာ

ဗီဂျေနမ်ဘီးယား၏ တရက်တာ လိုင်ဇာ ခရီးစဉ်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ တပ်မတော် (ABSDF) ၏ စခန်းသို့လည်း သွားရောက် လေ့လာ ခဲ့သည်ဟု အဖွဲ့ဥက္ကဌ ဦးလာစိုင်းကဆိုပါသည်။

“မစ္စတာနမ်ဘီးယားက ကျနော်တို့အဖွဲ့နဲ့တွေ့ဆုံစဉ် မြန်မာနိုင်ငံထဲမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိအောင် တတတ်တအားဝိုင်းဝန်းကြိုးပမ်းပေးသွားမယ်လို့ပြောသွားခဲ့ပါတယ်”ဟုဆိုပါသည်။

မစ္စတာ နမ်ဘီးယားသည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့တွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၏ လိုင်ဇာ ဗဟိုဌာနချုပ်သို့ရောက်ရှိခဲ့ပြီး KIA ၏ ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွမ်မော်နှင့်အတူ ABSDF ကျောင်းသားတပ်စ ခန်းသို့ လှည့်လည် ခဲ့သည်ဟုဆိုပါသည်။

မစ္စတာ နမ်ဘီးယားအား ABSDF မြောက်ပိုင်း ဥက္ကဌ ဦးလာစိုင်း၊ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးနှင့် ဦးယောရှုတို့က ကြိုဆို ခဲ့ပါသည်။

ABSDF ကမူ ကမ္ဘာ့ ကုလ သမဂ္ဂ အဖွဲ့နေဖြင့် အစိုးရ၏ တင်ပြချက်များကို ကြားနာ ရမည် ဖြစ်သလိုဘဲ ပြည်သူ လူထု၏ အသံ တိုင်းရင်းသားများတို့၏ အသံကိုလည်း ကြားနာသင့်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေးက အဆိုပြု တင်ပြ ခဲ့ပါသည်။

ABSDF မြောက်ပိုင်း အဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်လ (၅) ရက်နေ့ကရန်ကုန်မြို့ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ရုံးတွင် ကျင်းပသော အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွင် ကိုယ် စားလှယ် (၅) ဦး ပါ၀င်တက်ရောက်ခဲ့ပါသည်။ ABSDF သည် သဘောတူညီချက် (၄) ချက်ဖြင့်အစိုးရနှင့် ပဏာမအပစ်အခတ် ရပ်စဲခဲ့ပါသည်။

အလားတူ သြဂုတ်လ (၁၀) ရက်နေ့တွင်လည်း ပြည်ထောင်စု အဆင့်နှင့် ပထမ အကြိမ် တွေ့ဆုံပြီး အချက် (၁၃) ချက် သဘောတူ လက်မှတ်ရေးထိုးပြန်ပါသည်။ သို့သော် ABSDF ကျောင်းသားတပ်မတော်သည်ပါတီ ထောင်ပြီးရွေးကောက်ပွဲဝင်ရန်အစီအစဉ်မရှိဟု ဆိုပါသည်။

၄င်းအဖွဲ့၏ အပစ်အခတ် ရပ်စဲရေး အပေါ်တွင် မဟာမိ်တ် ဖြစ်သည့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO မှ တစုံတရာ ဝေဖန် ပြောဆိုခြင်း မရှိကြောင်း ABSDF ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မင်းဌေး က ဆိုပါသည်။

ABSDF ကျောင်းသား တပ်မတော် တို့သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့နှင့် အလွတ်သဘော (၃) ကြိမ်၊ ကြိုတင် ပြင်ဆင်ရေး အလုပ် အဖွဲ့နှင့် (၂) ကြိမ် စုစုပေါင်း (၅)ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးမှ အပစ်ရပ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဆိုင်ရာ ABSDF ကျောင်းသား တပ်မတော်သည်  ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့က စတင် ဖွဲ့စည်း ခဲ့ပါသည်။ အခြေခံ အင်အား တပ်ရင်းပေါင်း (၁၁) ရင်းခန့်ရှိပြီး မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များတို့ နှင့်အတူ ပူးတွဲ စစ်ဆင်ရေးများ ဆင်နွှဲခဲ့ပါသည်။ ကချင်ပြည်နယ်တွင် ရှိနေသော ABSDF မြောက်ပိုင်း အဖွဲ့သည် KIO နှင့်အတူ ၂၀၁၂ ခုနှစ် အစိုးရ စစ်ဆင်ရေး များကို လက်တွဲပြီး ယနေ့ အထိ ရင်ဆိုင် နေခဲ့ပါသည်။

Most read this week