ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနှင့်မှ ပဋိပက္ခ မဖြစ်လိုဟု BGF ပြော

ဘယ်လက်နက်ကိုင် အဖွဲ့အစည်းနှင့်မှ ပဋိပက္ခ မဖြစ်လိုဟု BGF ပြော
by -
ရွှေဟင်္သာ

အစိုးရ နယ်ခြား စောင့်တပ် ( BGF) သည် ဘယ်လက်နက်ကိုင် တိုင်းရင်းသား အင်အားစုနှင့်မျှ လက်နက်ကိုင် ပဋိပက္ခမ ဖြစ်စေလိုကြောင်း နယ်ခြား စောင့်တပ်၏ ပြန်ကြားရေး အတွင်းရေးမှူး ဖြစ်သူ ဗိုလ်မှူး မောင်ဇော်က ဆိုပါသည်။

“  BGF အနေနဲ့ ကရင် အချင်းချင်းဘဲ ဖြစ်ဖြစ်၊ တခြား လက်နက်ကိုင်တွေဘဲ ဖြစ်ဖြစ် ဘယ်တပ်ဖွဲ့နဲ့မှ ပဋိပက္ခ မဖြစ်ချင်ဘူး။ အထူးသဖြင့် ကရင် အချင်းချင်းနဲ့လည်း ပြန်တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ရှေ့ဆက်ပြီး ပူးတွဲ လုပ်ဆောင်ဖို့ဘဲ ရှိပါတယ်။ ဒီတော့ အခု လောလောဆယ်မှာ မြေမြုပ်မိုင်းတွေ ပူးတွဲပြီး ရှင်းလင်းနေတယ်။ ဒါတောင် မကပါဘူး ရှေ့ ဆက်ပြီးတော့ မူးရစ် ဆေးဝါး တိုက်ဖျက်ရေး တွေမှာလည်း  ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ဆိုပါသည်။

နယ်ခြားစောင့်တပ် ဖွဲ့စဉ်က ပါ၀င်ခဲ့သော ဒီကေဘီအေ တပ်ဖွဲ့များ နယ်ခြားစောင့်တပ် ဖွဲ့စဉ်က ပါ၀င်ခဲ့သော ဒီကေဘီအေ တပ်ဖွဲ့များ ( ဓါတ်ပုံ - BGF)

BGF သည် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) နှင့် ပြီးခဲ့တဲ့ ဧပြီလ (၂၇) ရက်နေ့တွင် မြိုင်ကြီးငူ ဒေသတွင် (၃) ရက်ကြာ တိုက်ခိုက်ခဲ့ပါသည်။ ဤပဋိပက္ခသည်လည်း မလွှဲမရှောင်သာ ဖြစ်သွားသော ပြသနာဟု BGF က ခံယူ ထားကြောင်း။ ဤပြသနာမျိုး နောင်မပေါ်ပေါက် လာစေရန်၊ BGF သည် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲ နိုင်ရန် အတွက် ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီထဲကို အဖွဲ့ဝင် အဖြစ် ပါ၀င် လက်တွဲခဲ့ကြောင်း ဆိုပါသည်။

ကရင်ပြည်နယ် မြိုင်ကြီးငူ မီဇိုင်း ဒေသ ငြိမ်းချမ်းရေး အတွက် မြေမြုပ်မိုင်းများကို ပူးပေါင်း ဖေါ်ထုတ်ရာတွင် မြေမြုပ်မိုင်း အလုံုး ၅၀ ကျော် ဖော်ထုတ် ရရှိခဲ့ကြောင်း။ ယင်းမြေမြုပ်မိုင်း များကို KNU တပ်မဟာ (၁) မှ ဗိုလ်ကြီး စောမြင့်ထွေး၊DKBA မှ (၉၀၆) တပ်ရင်းမှူး ဗိုလ်ရဲချစ်နှင့်BGF ၏ ခစက ၁၀၁၄ မှ ဗိုလ်မှူး စောမောင်ချစ်တို့က ဖော်ထုတ် ခဲ့ခြင်း ဖြစ်ကြောင်း BGF မှ ဗိုလ်မှူး မောင်ဇော်က ဆိုပါသည်။

ဤကဲ့သို့ မြေမြုပ်မိုင်းများ ပူးတွဲ ရှင်းလင်းနိုင်ခဲ့မှုကြောင့် မြိုင်ကြီးငူ ဒေသ တဖက် ကမ်းရှိ မီဇိုင်းဒေသနှင့်၊ မယ့်သဝေါ သွားသည့် လမ်းကြောင်းမှ ရင်းပိုင်းနှင့် ကျံုဖော်ဒေသတို့တွင် မိုင်းများ ကင်းရှင်းနေပြီး ဖြစ်ပါသည်။ ဖော်ထုတ် ပြီးစီးခဲ့သည့် နေရာများ၌လည်း တောင်ယာနှင့် ခြံလုပ်ငန်းများ ပြန်လည် စိုက်ပျိုးနေပြီး ဖြစ်ပါသည်။

လောလောဆယ် အခြေအနေ၌ BGF များသည် လူထုရေဘေး ဒုက္ခများတွင် ကူညီ ဆောင်ရွက် ပေးနေသည့် အတွက် ပူးတွဲ လုပ်ငန်းများ ယာယီ ရပ်ထား ရပါသည်။ ဤသို့ကြောင့် BGF အနေနှင့် မကြာခင် ကျင်းပရန် ရှိသော (၃) လ တကြိမ် ကျင်းပရန် ရှိသည့် ကရင် လက်နက်ကိုင် ညီညွတ်ရေး ကော်မီတီ အစည်းအဝေးကို ရက်ရွှေ့ဆိုင်း ရဖွယ် ရှိနေသည်ဟု ဆိုပါသည်။  

BGF တပ်ဖွဲ့သည် ၂၀၁၀ ခုနှစ်၌ အစိုးရမှ ဦးဆောင် ဖွဲ့စည်း ထားသည့် တပ်ဖွဲ့ဖြစ်ပြီး၊ ဒေသ ဖွံ့ဖြိုးရေးနှင့် နယ်မြေ စိုးမိုးရေး လုပ်ငန်း အတွက်သာ ရည်ရွယ်ထားကြောင်း ဆိုပါသည်။ ကရင်ပြည်နယ်တွင် BGF တပ်နယ် (၄) ခု ရှိရာမှာ တပ်နယ် (၁) မြိုင်ကြီးငူ ဒေသ၊ တပ်နယ် (၂) လှိုင်းဘွဲ၊ တပ်နယ် (၃) ရွှေကုက္ကို၊ တပ်နယ် (၄) မေတ္တာ လင်းမြိုင် တို့၌ အခြေ စိုက်ထားပါသည်။

၄င်းတပ်နယ် (၄) ခု လက်အောက်၌ တပ်ရင်း (၁၂) ရင်း ၁၀၁၁ မှ စကာ ၁၀၂၂ ထိ ရှိပြီး အမြဲတမ်း တပ်ဖွဲ့ဝင် အင်အားနှင့် အရန် အင်အား အပါအဝင် အင်အား (၈၀၀၀) ခန့်ရှိကြောင်း ဗိုလ်မှူး နိုင်မောင်ဇော် ကဆိုပါသည်။

Most read this week