မွန် နှင့် အခြား တိုင်းရင်းသား အဖွဲ့ များကို ဂျပန် အကူအညီ စတင် ပေးနေ

မွန် နှင့် အခြား တိုင်းရင်းသား အဖွဲ့ များကို ဂျပန် အကူအညီ စတင် ပေးနေ
by -
ရွှေဟင်္သာ

နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါမွန်ပြည်သစ် ပါတီနှင့် ဂျပန်နိုင်ငံမှ လူသားချင်း စာနာမှု အကူအညီ ပေးရေး အန်ဂျီအို အဖွဲ့ကြီး တစ်ခု ဖြစ်သည့် နိပွန် ဖောင်ဒေးရှင်း တို့အကြား သဘော တူညီ ထားသည့် အကူအညီ များထဲမှ ပထမ ဦးဆုံး အကူအညီ ပေးအပ်ပွဲ အခမ်းအနားကို မော်လမြိုင်မြို့ ပြည်နယ် ခန်းမ၌ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း မွန်ပြည်သစ် ပါတီမှ ထုတ်ဖော် ပြောကြား ခဲ့သည်။

“ကျွှန်တော်တို့ ဒေသကို လာရောက် လေ့လာ သွားတဲ့ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ ကိုယ်တိုင် လည်း တက်ရောက်မှာ ဖြစ်သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းလဲ ဒီ အခမ်း အနားကို တက်ရောက်မှာ ဖြစ်ပါတယ်၊ ပြည်နယ် ခန်းမမှာ အကူအညီ ပေးအပ်ပွဲ အခမ်း အနားကို လုပ်မှာပါ” ဟု မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံး တာဝန်ခံ နိုင်ဟံသာ ဗိုန်ခိုင်မှ ပြောသည်။

ယခု ကျင်းပမည့် အခမ်း အနား၌ နိပွန် ဖောင်ဒေးရှင်း၏ အကူအညီ အထောက်အပံ့ များအဖြစ် ရိက္ခာ (ဆန်) အိတ် ၁၀၀၀ နှင့် ဂျပန် ရိုးရာ တိုင်းရင်းဆေး ပါကင် (၂၀၀) နှင့် ခေတ်မှီ ဆေးဝါးများ ပါဝင်သည်ဟု မွန်ပြည်သစ် ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေး ရုံးမှ ထုတ်ဖော် ပြောကြားခဲ့သည်။

ရိက္ခာ (ဆန်) အိတ် ၁၀၀၀ မှာ ဒီဇင်ဘာ တစ်လတာ အတွက် အထောက် အပံ့ အဖြစ် ပေးအပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆန်ကို ပြည်တွင်း မှပင် ဝယ်ယူ ခဲ့ပြီး ခေတ်မှီ ဆေးဝါးများကို ထိုင်းနိုင်ငံမှ ဝယ်ယူ ခဲ့ကာ မဲဆောက် လမ်းမှ တဆင့် မော်လမြိုင်သို့ အရောက် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ယူ ပို့ဆောင် ပေးခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် မွန်ပြည်သစ် ပါတီ ပုံမှန် ဗဟို အလုပ် အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက် အရ ယခု အကူအညီ များကို မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေ တွင်းရှိ ထားဝယ် ခရိုင်နှင့် ရေး ချောင်းဖျား ဒေသရှိ ရွာပုန်း ရွှာရှောင် ဒုက္ခသည် စခန်း များမှ ဒုက္ခသည် များအား ဦးစားပေး ဖြန့်ဝေ သွားရန် ဆုံးဖြတ် ထားကြောင်း သိရှိ ရသည်။

ထို မော်လမြိုင်မြို့ အကူအညီ ပေးအပ်ရေး အဖွင့် အခမ်းအနား ပြီးနောက် အကူအညီ ပေးရေး နိပွန် ဖောင်ဒေးရှင်း ကိုယ်စားလှယ် အဖွဲ့သည် မော်လမြိုင်မှ ရေးမြို့ သို့အထိ လာကာ အကူအညီ ဖြန့်ဝေမှု အစီ အစဉ်များကို သွားရောက် လေ့လာ ရန်လည်း ရှိသည်ဟု မွန်ပြည်သစ် ပါတီ ဘက်က ဆိုသည်။

နိပွန် ဖောင်ဒေးရှင်း ဖိတ်ကြားချက်ဖြင့် ဂျပန်သို့ သွားရောက်ခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ်များနိပွန် ဖောင်ဒေးရှင်း ဖိတ်ကြားချက်ဖြင့် ဂျပန်သို့ သွားရောက်ခဲ့သည့် တိုင်းရင်းသား ကိုယ်စားလှယ်များအား တွေ့ရစဉ်

အစော ပိုင်း၌ ဒီဇင်ဘာ (၂၀) ရက်နေ့ တွင် ၄င်း အကူ အညီ ပေးအပ်ရေး အခမ်း အနားကို ရေးမြို့၌ ပြုလုပ်ရန် ရှိကြောင်း နိပွန် ဖောင်ဒေးရှင်းမှ ထုတ်ဖော် ပြောကြား ထားခဲ့ပြီး ထို အစီအစဉ်ကို ဖျက်သိမ်း ခဲ့သည်။

ထို မတိုင်ခင် အောက်တိုဘာလ (၂၄) ရက်နေ့ မှ (၂၇) ရက်နေ့ အထိ နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ နှင့် ကိုယ်စားလှယ် အဖွဲ့ တို့သည် မွန်ပြည်သစ် ပါတီ ထိန်းချုပ် နယ်မြေသို့ သွားရောက် ခဲ့ပြီး မွန်ပြည်သစ်ပါတီ အကြီးတန်း ခေါင်းဆောင် များနှင့် အကူအညီ ပေးနိုင်ရေး အတွက် အသေးစိတ် ညှိနှိုင်း ခဲ့ပြီး ဖြစ်သည်။

ထိုခရီးစဉ် အတွင်း နိပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ် အဖွဲ့ တို့သည် မွန် အမျိုးသား ကျောင်းများ၊ ဆေးရုံ ဆေးပေး ခန်းများ၊ IDPs စခန်းနှင့် နယ်မြေ အခြေအနေ များကို လေ့လာ ခဲ့ကြသည်။

မွန်ပြည်သစ်နှင့် အလားတူ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ ထိန်းချုပ် နယ်မြေ တွင်းရှိ ရှားတော IDP စခန်း သို့လည်း နိပွန် ဖောင်ဒေးရှင်းနှင့် သဘောတူ ထားသည့် အကူအညီ တချို့ကို အရေးပေါ် အဖြစ် ဒီဇင်ဘာ လအတွင်း ပို့ဆောင် ပေးအပ် သွားရန် ရှိကြောင်း အထွေထွေ အတွင်းရေးမှူး (၁) ခူဦးရယ်မှ ရွှေဟင်္သာ သတင်းဌာနသို့ ပြောကြား ခဲ့သည်။

နိပွန် ဖောင်ဒေးရှင်း အနေနှင့် တိုင်းရင်းသား ဒေသ များသို့ ဒေါ်လာ ၃ သန်းခန့် အကူအညီ ပေးရန် ရှိကြောင်း ထုတ်ပြန် ပြောဆို ထားပြီး ကနဦး ပရောဂျက် အနေဖြင့် ဒေါ်လာ ၃ သိန်းတန် ရိက္ခာနှင့် ဆေးဝါးများကို ပေးအပ် သွားမည် ဖြစ်ကာ ကျန် ပမာဏကို လာမည့် နှစ်၌ ဆက်လက်၍ ပေးအပ် သွားဖွယ် ရှိသည်။
ထိုသို့ အကူအညီ ပေးအပ် ရာတွင် နယ်မြေ အနေအထား အေးချမ်းသည့် မွန်၊ ကရင်နှင့် ကရင်နီ ဒေသ များသို့ ယခု ကဲ့သို့ အကူ အညီများ လွယ်လွယ် ကူကူ ပေးဆောင် နိုင်ခြင်း ဖြစ်သည်ဟု သိရပြီး အခြား ဒေသ များကိုလည်း ဆက်လက်၍ အကူအညီ ပေးသွားနိုင်ရန် အတွက် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရှိ ရသည်။

Most read this week