လက်လှမ်း မမီသည့်ဒေသများရှိ စစ်ပြေး ဒုက္ခသည် များကို UN အကူအညီ ပေးလို

လက်လှမ်း မမီသည့်ဒေသများရှိ စစ်ပြေး ဒုက္ခသည် များကို UN အကူအညီ ပေးလို
by -
ရွှေဟင်္သာ

ကချင်ပြည်နယ်အတွင်း အစိုးရထိုးစစ်များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး နေရသည့် ဒုက္ခသည် များအား ကမ္ဘာ့ ကုလသမဂ္ဂ (UN) မှ အကူအညီ ပေးလိုသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာ အစိုးရအား တင်ပြ ထားကြောင်း ကုလ အရာရှိ တဦးက ပြောဆိုလိုက်သည်။

ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် ဗယ်လာရီ အေးမို့စ်က ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်၌ ယမန် နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်း ပွဲတွင် အခုလို ပြောဆိုခဲ့သည်။

“အကူ အညီတွေ အလွန်အမင်း လိုအပ်နေတဲ့ နေရာတွေမျိုးကို သွားရောက် ကူညီနိုင်ဖို့အတွက် ခွင့်ပြုချက် ရဖို့ အစိုးရကို တောင်းထားပါတယ်။ UN ဟာ လုံခြံုရေး ကင်းမဲ့တဲ့ ပတ်ဝန်းကျင် တွေမှာလည်း လုပ်ငန်း ဆောင်ရွက် တတ်တဲ့ အတွေ့ အကြံု အများကြီး ရှိပါတယ်။ ဒီထက် လုံခြံုရေး ကင်းမဲ့တဲ့ နိုင်ငံ တွေမှာတောင် လုပ်ငန်း ဆောင်ရွက် ခဲ့ဖူး ပါတယ်” ဟု ဗယ်လာရီ အေးမို့စ်က သတင်းထောက် များကို ပြောကြား ခဲ့သည်။

အစိုးရ ထိန်းချုပ်ဒေသအတွင်းရှိ ဒုက္ခသည်များအား ပြည်နယ်အစိုးရကတဆင့် UN အပါအဝင် ပြည်တွင်း NGOs များမှ ကူညီမှု ပေးနိုင်သော်လည်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသတွင် လုံခြံုရေး အကြောင်းပြချက်ဖြင့် အကူအညီပေးနိုင်မှု အားနည်းနေသည်ဟုလည်း ၎င်းကဆိုသည်။

အလားတူ အစိုးရနှင့် KIO တို့ တနှစ်ကျော် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဘာသာရေး အသင်းအဖွဲ့များ နှင့် KIO ၏ ထောက်ပံ့မှုကြောင့် လိုအပ်ချက်၏ (၄၀) ရာခိုင်နှုန်းသာ ဒုက္ခသည်များ အတွက် ဖြည့်ဆည်းပေး နိုင်ကြောင်း ဒုက္ခသည် ကူညီပေးရေး အဖွဲ့များက ဆိုသည်။

“ပြည်တွင်း NGO တွေကနေ တဆင့် ဒုက္ခသည်တွေဆီ အထောက် အပံ့တွေ ရအောင် လုပ်ပေး တာမျိုး ကျမတို့ လုပ်ပေးပါတယ်။ ဒါပေမယ့် လိုအပ် နေတာတွေက အများကြီး ရှိနေပါတယ်။ အစိုးရ ဘက်က အကြောင်း ပြန်ကြားချက် ရတာနဲ့ UN အနေနဲ့ သွားနိုင်ဖို့ ကျမတို့ လုပ်ပါမယ်” ဟု ဗယ်လာရီ အေးမို့စ်က ပြောဆိုသည်။

သို့သော် UN အပါအဝင် အမေရိကန် ပြည်ထောင်စုက ကချင် စစ်ပြေး ဒုက္ခသည် များကို ကူညီရန်ဆန္ဒရှိ သော်လည်း တရုတ်နှင့် မြန်မာအစိုးရ နှစ်ရပ်စလုံး၏ သဘောထားပေါ် မူတည်၍ ဆောင်ရွက်နေရ ကြောင်း KIO အရာရှိ များက ပြောဆိုဖူးသည်။

(၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သည့် အစိုးရနှင့် KIO တို့ ၂၀၁၁ ခုနှစ် ဇွန်လက စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ရာ စစ်ပြေးဒုက္ခသည် (၁) သိန်းခန့် ရှိပြီဖြစ်ကြောင်း ဒုက္ခသည် ကူညီပေးရေးအဖွဲ့များက ပြောဆိုသည်။

Most read this week