ရှမ်းမြောက်ပိုင်း ပလောင် ဒေသ၌ တိုက်ပွဲများ ဆက်ဖြစ်နေ

ရှမ်းမြောက်ပိုင်း ပလောင် ဒေသ၌ တိုက်ပွဲများ ဆက်ဖြစ်နေ
by -
ရွှေဟင်္သာ

ရှမ်းပြည် မြောက်ပိုင်း မန်တုံမြို့နယ်တွင် ယမန်နေ့ နံနက် (၉) နာရီ အချိန်က တအာင်း (ပလောင်) ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တပ်ရင်း ၂၅၆ နှင့် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၀၂ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း အဖွဲ့ ဥက္ကဌ ဖြစ်သူ မိုင်အိုက်ဖုန်းက ပြောသည်။

Palong 0098

“မနေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့တို့ မန်တုံမြို့နယ်တွင်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်။ တိုက်ပွဲ ကတော့ တစ်ပတ်ကို (၂) ကြိမ် ဖြစ်နေကြပါ ခင်ဗျ။ အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဖိအားပေးဖို့နဲ့ မူးယစ်ဆေး ဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် တိုက်နေတဲ့ သဘောပါ။” ဟု ဆိုသည်။

အလားတူ နိုဝင်ဘာလ (၁၅) ရက်နေ့ကလည်း မန့်ဆန်မြို့နယ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှား နေသော တအာင်း တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ နာရီဝက်ကျော် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။

မူးယစ်ဆေးဝါး သယ်ဆောင် လာသည့် အသက် (၂၂) နှစ် အရွယ် တရုတ်လူမျိုး လူငယ်တဦးအား နမ့်ခမ်း- မန်တုံ ကားလမ်းရှိ မိုင်းဝီးကျေးရွာ အနီး နိုုဝင်ဘာလ (၅) ရက်နေ့က ပလောင်အဖွဲ့က ဖမ်းမိခဲ့သည်။

ယင်းလူငယ်အား ပြန်လွတ်ပေးရန် အစိုးရတပ်က တောင်းဆိုမှု အပေါ် ပလောင်အဖွဲ့က ပယ်ချခဲ့သည့်နောက် အခြေအနေ ပိုမို တင်းမာလာပြီး နို၀င်ဘာလ (၉) ရက်နေ့က ပလောင်တပ်ရင်း ၄၇၈ စခန်းအား အစိုးရတပ်မှ တပ်ရင်း (၃) ရင်းဖြင့် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည်။

သို့သော် အပစ်အခတ် ရပ်စဲရေး အတွက် တအာင်း လွတ်မြောက်ရေး တပ်ဦးနှင့် ဦးအောင်မင်း ခေါင်းဆောင် သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ နိုဝင်ဘာလ (၁၀) ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ရာသိမ်းပိုက် ထားသည့် ပလောင် တပ်ရင်း ၄၇၈ စခန်းအား အစိုးရတပ်က ပြန်လည် ဆုတ်ခွာ ပေးခဲ့သည်ဟု PSLF က ဆိုသည်။

စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပေါ်နိုင်ရန် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းနှင့် ဖြေရှင်းဖို့ လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါ၀င်သည့် ဆွေးနွေးပွဲသို့ မရောက်မချင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေမည်ဟု တအာင်း (ပလောင်) အဖွဲ့က ဆိုသည်။

Most read this week