အပစ်ရပ်ရေး ဆွေးနွေးဖို့ PSLF ကို ဖိတ်ခေါ်

အပစ်ရပ်ရေး ဆွေးနွေးဖို့ PSLF ကို ဖိတ်ခေါ်
by -
ရွှေဟင်္သာ

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဌ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက တအာင်း (ပလောင်) ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့အား အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

TSLF_3_vvszy

နိုဝင်ဘာ (၁၀) ရက်နေ့ ညနေ (၃) နာရီ အချိန်ခန့်က ထိုင်းနိုင်ငံ ဇင်းမယ်မြို့၌ တွေ့ဆုံခဲ့ပြီး ပြောဆိုခဲ့ခြင်း ဖြစ်သည်သည်ဟု PSLF ဥက္ကဌ ဖြစ်သူ မိုင်းအိုက်ဖုန်းက အခုလို ပြောသည်။

“ကျနော်တို့ကို ဖုန်းဆက်ခေါ်တော့ သွားလိုက်ရတယ်။ ဘာမှပြင်ထားတာ မရှိပါဘူး။ ဟိုရောက်ေတော့ ဦးအောင်မင်းက သူ များတွေ အပစ်အခတ် ရပ်စဲရေး ယူထားကုန်ပြီးဆိုတော့ ကျနော်တို့ကလဲ အပစ်အခတ် ရပ်စဲရေးယူဖို့ ပြောသွားတာ ဖြစ်ပါ တယ်။ ပြင်ဆင်ချိန် မရခဲ့လို့ ကျနော်တို့ဘက်က အဖြေမပေးနိုင်သေးဘူး။ ဒါဘဲ ပြောလိုက်တယ်။” ဟု ဆိုပါသည်။

ယခုတွေ့ဆုံမှုသည် အလွတ်သဘော တွေ့ဆုံမှုသာ ဖြစ်သောကြောင့် မည်သည့် သဘော တူညီချက်မှ မရခဲ့သလို ထပ်မံ တွေ့ဆုံမည့် နေ့ရက်လည်း သတ်မှတ်ထားခြင်း မရှိပေ။

အစိုးရနှင့် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) တို့ ၁၉၉၁ ခုနှစ်က အပစ်အခတ်ရပ်စဲရေး တကြိမ် ရယူခဲ့ကြသည်။ သို့သော် ၂၀၀၅ ခုနှစ်တွင် အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး (လက်နက်ချ) လဲလှယ် ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်ကစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

PSLF သည် တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေးအရ ဆွေးနွေးရေးကို လိုလားကြောင်း မိုင်အိုက်ဖုန်းက ဆိုသည်။

လောလောဆယ် PSLF တပ်ဖွဲ့ လက်အောက်ခံ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့များနှင့် အစိုးရတပ်တို့ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။