TNLA တပ်စခန်း တခု သိမ်းပိုက်ခံရ

TNLA တပ်စခန်း တခု သိမ်းပိုက်ခံရ
by -
ရွှေဟင်္သာ

ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့နယ်နှင့် နမ့်ဆန်မြို့ နယ်စပ်ရှိ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်စခန်းအား အစိုးရတပ်မှ ယမန်နေ့က တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး ဘုန်းကျော်က ပြောပါသည်။

children-drug

“စစ်ဗျူဟာ တခုဖြစ်တဲ့ တပ်ရင်း (၃) ရင်းနဲ့ကို ၀င်တိုက်တာပါ။ ကျနော်တို့ တပ်ဖွဲ့ကလည်း ပန်းဆေးဒေသက မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့ လူငယ် တစ်ဦးကို ဖမ်းမိရာက တိုက်ပွဲတွေ ပိုပြင်းလာတာ ဖြစ်ပါတယ်။ အဲဒီ လူငယ်ကို ထာတ်ကျဲတ် ဘုရားတောင်ကုန်း အနီးမှာ ရှိတဲ့ စခန်းထဲမှာ ထိန်းထားတယ်လေ။ အဲဒီစခန်းကို လာတိုက်တော့ ကျနော်တို့ ဘက်က ဆုတ်ပေးလိုက်ရတာပေါ့” ဟု ဆိုသည်။

မူးယစ်ဆေးဝါး သယ်ဆောင် လာသည့် အသက် (၂၂) နှစ် အရွယ် တရုတ်လူမျိုး လူငယ်အား နမ့်ခမ်း- မန်တုံ ကားလမ်း မိုင်းဝီးကျေးရွာ အနီးတွင် ပြီးခဲ့သည့် နိုုဝင်ဘာလ (၅) ရက်နေ့က ဖမ်းမိခဲ့ပြီးနောက် အစိုးရတပ်မှ တပ်ရင်း (၃) ရင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။

ထိုတရုတ် လူငယ်ထံမှ ယာဘ ခေါ် စိတ်ကြွဆေးပြား ငါးသောင်း၊ တရုတ်ဖုန်း (၁) လုံး၊ ဆိုင် ကယ်တစ်စီး၊ မြန်မာ CDMA ဖုန်းတလုံးနှင့် ကျပ်ငွေ (၂၀,၀၀၀) တို့ ဖမ်းဆီးရမိခဲ့သည်။ ယင်း စိတ်ကြွဆေးများသည် ဒေသခံပန်းဆေး ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် ဦးလောဝူးထံမှ ရရှိကြောင်း လူငယ်၏ ထွက်ဆိုချက်အရ သိရသည်။

childerea_daruygတအာင်းတပ်ဖွဲ့မှ ဖမ်းဆီးရမိသော ယာဘ ဆေးပြားများကို တအာင်းပြည်သူများ ရှေ့မှောက်တွင် မီးရှို့ဖျက်ဆီးရန် နိုဝင်ဘာလ (၉) ရက်နေ့က ပြင်ဆင်နေချိန် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ ၁၃၀၊ ခလရ ၁၄၄ နှင့် ခြေမြန်တပ်ရင်း ခမရ ၅၀၁ တို့ ပူးပေါင်း စစ်ကြောင်းက နံနက် (၁၁) နာရီအချိန် ခန့်မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် (၃) နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် (TNLA) စခန်းအား ဆုတ်ခွာခဲ့ခြင်း ဖြစ်ကြောင်းနှင့် အစိုးရတပ် ဘက်မှ ဗိုလ်ကြီးအဆင့် တဦးအပါအဝင် (၃) ဦး ဒဏ်ရာရရှိပြီး (၂) ဦး ကျဆုံးကြောင်း ဒေသခံများ အပြောအရ သိရသည်ဟု PSLF ဘက်က ပြောဆိုသည်။

သို့သော် အကျအဆုံးစာရင်းနှင့် ပတ်သက်၍ သီးခြား အတည်ပြုချက် မရရှိသေးပါ။ လွန်ခဲ့သည့် တပတ်ခန့် ကတည်းက ကွတ်ခိုင်၊ မန်တုံနှင့် နမ့်ဆန်မြို့နယ် အပါအဝင် ကျောက်မဲနှင့် မိုးမိတ် ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

Most read this week