ရှမ်းပြည်နယ်အတွင်း ငွေခဲသတ္တုတူးဖေါ်ရေး စီမံကိန်းအတွက် အိမ်ခြေ (၁၀၀) ရွှေ့ပြောင်းခံရ

ရှမ်းပြည်နယ်အတွင်း ငွေခဲသတ္တုတူးဖေါ်ရေး စီမံကိန်းအတွက် အိမ်ခြေ (၁၀၀) ရွှေ့ပြောင်းခံရ
by -
ကိုသိုက်

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မိုင်းဆမ် ကျေးရွာအုပ်စုရှိ မိုင်းတယ်န်ကျေးရွာဒေသခံ ရွာသားအိမ်ခြေ(၁၀၀) ခန်ကိုမြန်မာစစ်တပ်က နေရွှေ့ပြောင်းခိုင်းပြီးငွေခဲသတ္တုတူးဖေါ်ရေးစီမံ ကိန်းအတွက်လုပ်ဆောင် နေသည်ဟုပြည်ထောင်စု လားဟူဒီမိုကရေစီအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူဦး ကျဖူးလိုမှပြောပါသည်။

အဆိုပါငွေသတ္တုတူးဖေါ်ရေးလုပ်ငန်းကို ဒေသခံ မြန်မာစစ်တပ်နှင့် ထိုင်းကုမ္ပဏီတို့က အကျိုးတူပူးပေါင်း လုပ်ဆောင်နေသည်ဟု ဦးကျဖူးလိုက ယခုလိုပြောပါသည်။

“မိုင်းတုံမြို့နယ် မိုင်းဆမ်ကျေးရွာအုပ်စုမှာ မိုက်တယ်န်ရွာဆိုတဲ့နေရာကိုသူတို့ကရွှေ့ခိုင်းထားတယ်။ ငွေသတ္တု ထွက်တဲ့နေရာ အဲဒီနေရာကရွာတွေသူတို့ရွှေ့ခိုင်းထားတယ်။ အိမ်ခြေ(၁၀၀)ကျော်တယ်။ လူမနေရဘူး။ ခလရ(၆၅) တပ်ကလေ။ သူတို့ကရွှေ့ခို်င်းထားတယ်။ ဒီငွေသတ္တုတွင်းကို  ထိုင်းကုမ္ပဏီက နံပါတ်တစ်အနေနဲ့သူတူးတာပေါ့။ မြန်မာအစိုးရကတော့အခွန်ယူပေါ့။ နှစ်ခါသုံးခါလောက်သူတို့ရောင်းပြီး ပြီး။ ဂျပန်မှာသူတို့သွားရောင်းတယ်လေ။ ဘာလုပ်မလဲတော့မေးကြည့်လိုက်တော့ သူတို့ကတော့ဘဲရင်းလုပ် တာပါတဲ့။ ဘယ်ရင်းဆိုတဲ့ဥစ္စာကတော့ကျွန်တော်တို့ စက်အင်ဂျင်ဘက်မှာထဲ့တဲ့ဥစ္စာဘဲတဲ့။”

ရှမ်းပြည်နယ်မိုင်းတုံဒေသဘက်တွင် ရွှေ ငွေ ခဲသတ္တု ကျောက်မီးသွေးတွေထွက်ရှိမှုများပြားသည်ဟုဦးကျဖူး လို ကပြောသည်။

ငွေသတ္တုတူးဖေါ်ရေးစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့်မိုင်းတယ်န်ကျေးရွာသားများအနေနှင့် ၄င်းတို့၏ လယ်ယာ ခြံမြေများကိုစွန့်လွှတ်ခဲ့ရသောကြောင့် နစ်နာမှုတွေရှိခဲ့သည်ဟုဒေသခံကျောင်းဆရာမ တစ်ဦးက ယခုလိုပြောပါသည်။

“စစ်အမိန့်နဲ့ဆိုတော့ပြောင်းရတာပေါ့။ ကိုယ့်နေရပ်ဒေသမှာနေလို့မရကတည်းက လယ်ယာခြံလုပ်ကိုင် စားသောက်နေသူက လယ်ယာခြံမရှိဘူးဆိုရင် ခြေတွေလက်တွေဖြတ်ပစ်တာနဲ့တူတူဘဲ။သတ်ပစ်တာနဲ့တူတူ ဘဲ။ အင်မတန်သုက္ခ ဒုက္ခတွေတွေ့ရတယ်။”

အပြောင်းရွှေ့ခံရွာသားများအတွက် တစ်စုံတရာလျော်ကြေးငွေပေးလျော်ခြင်းမရှိခဲ့ဟု အဆိုပါကျောင်း ဆရာမက ပြောသည်။

ယခုလိုမြန်မာစစ်တပ်ကနေလယ်ယာခြံ မြေတွေသိမ်းဆီးခြင်းသည် လူ့အခွင့်အရေးချိုးဖေါက်မှုအပြင် တခြားဘက် ပေါင်းစုံဆိုးကျိုးတွေဖြစ်လာနိုင်သည်ဟုလူ့အခွင့်အရေးပညာပေးဌာနမြန်မာနိုင်ငံ၏ဒါရိုက်တာ ကိုအောင်မျိုးမင်းမှ ယခုလို ပြောပါသည်။

“ဒီလိုမျိုးလယ်ယာမြေတွေကို အခကြေးငွေမပေးဘဲအတင်းအကြပ်သိမ်းပြီးတော့ လူထုကို ပြောင်းရွှေ့ခိုင်း တဲ့အရာက လူ့အခွင့်အရေးချိုးဖေါက်မှုလို့ကျွန်တော်တို့ပြောနိုင်ပါတယ်။ လယ်ယာမြေတွေကိုသိမ်းပိုက်တဲ့ အခါမှာ စစ်တပ် တွေကရောက်လာနိုင်တယ်။ အဲ စစ်တပ်ရောက်လာခြင်းအကျိုးကျေးဇူးကတော့ နောက်ထပ် အဓမ္မစေခိုင်းတာတွေ တခြားသောဘက်ပေါင်းစုံနဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဒါတွေ ဆက်တိုက်ဖြစ်လာ နိုင်တဲ့အခြေအနေဖြစ်တဲ့အတွက် နောက်ဆက်တွဲလူ့အခွင့်အရေးချိုးဖေါက်မှုတွေအများကြီး ဖြစ်လာနိုင် တဲ့အနေအထားတွေရှိနိုင်ပါတယ်။”

ပြီးခဲသည့် (၂၀၁၀)ခုနှစ်တွင် မြန်မာစစ်အစိုးရနဲ့နီးစပ်သည့် ဦးဌေးမြင့်ပိုင်ယုဇနကုမ္ပဏီမှ ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းဒေသမှ ကချင်ဒေသခံများ၏ လယ်ယာခြံမြေဧကတစ်သိန်းကျော်သိမ်းယူမှုများရှိခဲ့သလို မွန်ပြည်နယ်ဘက်တွင် လည်း ဦးခင်ရွှေပိုင်ဇေကမ္ဘာကုမ္ပဏီကနေ မွန်ဒေသခံများ၏လယ်ယာခြံမြေ ဧက(၆၀၀)ကျော်ကို ဘိလပ်မြေစက်ရုံစီမံကိန်း အတွက် သိမ်းယူမှုများပြုလုပ်ခဲ့သည်။

Most read this week