မြန်မာ စစ်အစိုးရတပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွါးနေသောကြောင့် ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ဒေသရှိ တဒိန်ရွာ မြိုင်သာယာရွာ ...
ဆူးပန်း(ဇန်နဝါရီ-၃၁)။ ။မြန်မာ စစ်အစိုးရတပ်နှင့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းအကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွါးနေသောကြောင့် ထိုင်းမြန်မာ နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ဒေသရှိ တဒိန်ရွာ မြိုင်သာယာရွာ ကျံုမဲ့ပရန် ကျေးရွာများတွင် နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားသည်ဟု ဒေသခံတစ်ဦးမှ ယခုလို ပြောပါသည်။
“ရွာလူကြီးကို တပ်ကနေပြောထားတယ်။ ဘယ်မှာမပေးသွားလာတော့ဘူး။ ဒီမိုးချုပ်ကျရင် ကိုယ့်အိမ် ကိုယ် နေဘဲ။ တစ်အိမ်နဲ့ တစ်အိမ်နဲ့ စကားသွားမပြောကြရဘူး။ ဓါတ်မီး မပေးကိုင်ဘူး။ တွေ့ရင် ပစ်ခတ်မယ်တဲ့။ နေ့ခင်း ပိုင်းကျလဲဒီလိုဘဲ အပြင်ထွက်လို့ မရဘူး။”
ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့မှ တဒိန်ရွာအတွင်းဝင်ရောက် ပစ်ခတ်မှုတွေရှိနေသည့်အတွက် တချို့ရွာသားများသည် နေရပ်ကိုတိမ်းရှောင်လာမှုများရှိနေသည်ဟု တဒိန် ရွာ သားတစ်ဦးမှပြောပါသည်။ ထိုင်းမြန်မာနယ်စပ်ဘုရားသုံးဆူမြို့နယ်ကြံတောရွာတွင် တိမ်းရှောင်လာသည့်စစ်ပြေး ဒုက္ခသည် (၁ဝ)အိမ်ထောင်စုရှိနေပြီးဟု ကျေးရွာရယကအဖွဲ့ဝင်တစ်ဦးမှပြောပါသည်။
ဘုရားသုံးဆူဒေသဘက်တွင် မြန်မာစစ်တပ်မှ နေဝင်မီးငြိမ်းအမိန့်ထုတ်ပြန်ထားသလို ကရင် လက်နက် ကိုင်အဖွဲ့မှလည်း လမ်းကြောင်းများတွင် မိုင်းဗုံးများထောင်ထားခဲ့သဖြင့် ခရီးလမ်းသွားလာရေးတွင် အသက် အန္တရာယ် အတွက်စိုးရိမ်နေရသည်ဟု ဒေသခံများမှပြောပါသည်။
ယခုလိုလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲများဖြစ်ပွါးခဲ့သည့်အပေါ် ဒေသခံရွာသားများသည်လည်း ထိခိုက်မှုရှိနေပေသည်။ ပြီးခဲ့သည့်ဇန္နာဝါရီလလယ်လောက်တွင် စစ်အစိုးရတပ်ခမရ(၄ဝ၆)တပ်ရင်းနှင့် ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးတပ်ရင်း(၁၆)တို့ တိုက်ပွဲဖြစ်ပွါးခဲ့ရာတွင် အပြစ်မဲ့သည့် ခလေးနှစ်ဦး တိုက်ပွဲအကြားတွင် ထိခိုက်ဒါဏ်ရာရရှိခဲ့ပါသည်။
တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရသည့် ခလေးနှစ်ဦးမှာ မြိုင်သာယာရွာနေ စောကြောင်ကြွက် အသက် (၁၂) နှစ်နှင့်စောရှဖေါင်း(၁၇)နှစ်အရွယ်ဖြစ်ပါသည်။ ဘုရားသုံးဆူဒေသတွင်(၂ဝ၁ဝ)ခုနှစ်မှ ယခုအထိ စစ်အစိုးရနှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွါးခဲ့သောတိုက်ပွဲတါင် အရပ်သား(၂ဝ)ကျော် သေကြေ ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု နယ်စပ်စစ်ရေးအကဲခတ်သူများမှစာရင်းပြုစုထားမှုရှိနေပါသည်။
ပြီးခဲ့သည့် (၂ဝ၁ဝ) ခုနှစ်နိုဝင်ဘာ လလယ်လောက်တွင် နယ်ခြားစောင့်တပ်အသွင်ကိုလက်မခံခဲ့သည့် ဒီကေဘီအေနှင့် စစ်အစိုးရတို့တိုက်ပွဲတွင် စစ်ပြေးဒုက္ခသည်တစ်သောင်းကျော် ဘုရားသုံးဆူထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာရသည်။ ၄င်းအထဲတွင် အမျိုးသမီးနှင့် ခလေးများသာဖြစ်သည်ဟု မွန်အမျိုးသားကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးကော်မီတီမှ စစ်တမ်းကောက်ယူထားပါသည်။