စျေးကောင်းပေး ဝယ်မှုကြောင့် ဘုရားသုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှု များလာ

စျေးကောင်းပေး ဝယ်မှုကြောင့် ဘုရားသုံးဆူနယ်စပ်တွင် တောက်တဲ့ရှာဖွေဖမ်းဆီးမှု များလာ
by -
ကိုသိုက်

စံခလပူရီဘက်ကမ်း ထိုင်းကုန်သည် အဝယ်ဒိုင်မှ တောက်တဲ့များကို စျေးကောင်းပေး ဝယ်ယူနေမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် အနီးကျေးရွာများတွင် အခုရက်ပိုင်းအတွင်း၌ တောက်တဲ့ရှာမည့်သူ အလွန်များပြား....

စံခလပူရီဘက်ကမ်း ထိုင်းကုန်သည် အဝယ်ဒိုင်မှ တောက်တဲ့များကို စျေးကောင်းပေး ဝယ်ယူနေမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် အနီးကျေးရွာများတွင် အခုရက်ပိုင်းအတွင်း၌ တောက်တဲ့ရှာမည့်သူ အလွန်များပြား လာသည်ဟု မြို့ခံများမှပြောပါသည်။

မည်သည့်အမျိုးအစားတောက်တဲ့မျိုးကိုမဆို  အနည်းဆုံး ထိုင်းအလေးချိန်(၃)ခစ်(၂ဝကျပ်သားခန့်)ရှိ အပြစ် အနာအဆာ မရှိသည့် တောက်တဲ့အရှင်များကိုသာ ဝယ်ယူနေ သည်ဟု ဘုရားသုံးဆူမြို့ခံများမှ ပြောပါသည်။

တောက်တဲ့ဝယ်ယူနေမှုနှင့် ပက်သက်ပြီး တောက်တဲ့ ဖမ်းသူတစ်ဦးက ယခုလိုရှင်းပြပါသည်။

တောက်တဲ့တစ်ကောင်ဆိုရင် ထိုင်းအလေးချိန်(၃)ခစ် ဗမာအလေးချိန်နဲ့ဆိုရင်(၂ဝ)ကျပ်သားပြည့်ရင် သုံးဆူမှာ (၁၅ဝဝ)ဘတ်ပေးဝယ်နေတယ်။ ထိုင်းကုန်းဘက်မှာသွားရောင်းရင်တော့ တစ်ကောင်ကို(၂၅ဝဝ) ဘတ်အထိ ဝယ်နေတယ်။  အခုဆိုရင်တောက်တဲ့ဖမ်းသူတွေများနေတယ်ပေါ့။ ဒါပေမဲ့(၃)ခစ်လောက် အလေးချိန် ရှိတဲ့ တောက်တဲ့ဟာ တော်တော်ကြီးတယ်။ သူ့အလေးချိန်ကပေါ့တယ်။

သို့သော်လည်း တောက်တဲ့များကို ရှာဖွေဖမ်းဆီးရာတွင်အခက်အခဲရှိနေသည့်အတွက် လိုအပ်သော အရည် အတွက် မရရှိသေးဟု ဘုရားသုံးဆူမြို့အဝယ်ဒိုင်တစ်ဦးမှပြောပါသည်။ ယခင်ကဆိုလျှင် ထိုင်းနယ်စပ်နေ လောရှမ်းများ အနေနှင့် တောက်တဲ့များကို စားစရာအဖြစ်နဲ့နှစ်ခြိုက်စွာစားသုံးကြသော်လည်း ယခုအခါ တောက်တဲ့ အန်ဖတ်ကို HIV-AIDS ရောဂါကုသရာတွင် အသုံးပြုရန်အတွက် ယခုလို တောက်တဲ့များ ဝယ်ယူ နေရသည်ဟု အဝယ်ဒိုင်နှင့်နီးစပ်သည့် ဘုရားသုံးဆူဒေသခံတစ်ဦးမှ ပြောပါသည်။

အဆိုပါတောက်တဲ့များကိုအရှင်မွေးပြီး ဆေးဝါးအဖြစ်ဖေါ်စပ်သည့်ဖြစ်စဉ်အပေါ် ဆရာဝန်တစ်ဦးက ဤကဲ့သို့ ထင်မြင်ချက်ပေးပါသည်။

ဒီတောက်တဲ့မှာတော့ အံတာရယ် တံထွေးရယ် အဲဒီမှာက အင်ဇိုင်းတွေပါတယ်။ နောက်ဓါတုပစ္စည်း ထူးထူး ဆန်းဆန်းတွေတော့ ပါနိုင်တယ်ပေါ့လေ။ တကယ်လို့အေအိုင်ဒီအက်စ်အတွက် ဆေးဖက်ဝင်တယ် ဆိုရင်တော့ အင်မတန်ဝမ်းသာစရာပေါ့။ တကယ်လို့ဆေးဖက်ဝင်ရင် တောက်တဲ့ကိုမွေးမြူတဲ့အတွေ့အကြံု ရှိတဲ့သူတွေ အများကြီး။ သုတေသနလုပ်ပြီးတော့ သုတေသနရဲ့ တွေ့ရှိချက် ထောက်ခံချက်တွေနဲ့မှ သေချာတယ်။ စဉ်းစားစရာက မွေးတဲ့နေရာမှာ သူတို့အစားအသောက်မှာ ကျွေးတဲ့ဟာဘဲစားရမှာပေါ့။ အဲတာသူ့ရဲ့ သဘာဝ သူစားချင်ရာ စားတဲ့ဟာမစားရဘူးဆိုရင် လျော့နဲရင်လဲလျော့နဲမယ်။ ကျွန်တော်ထင်မြင်ချက်အနေနဲ့ကတော့ ဘာမှ သိပ်မထူးခြားဘူး။

တောက်တဲ့သတ္တဝါသည် ရုပ်သွင်ပြင်မှာကြောက်စရာကောင်းသော်လည်း အိမ်မှာရှိပါက အေးချမ်းပြီး မြွေဆိုးများ မဝင်နိုင်ကြောင်း မွန်မြန်မာလူမျိုးများကယုံကြည်ကြသည်။ မိမိဥကိုပြန်စားတတ်သောကြောင့် ပေါက်ပွါးနှုန်း နဲပါးကာ ရှားပါးသတ္တဝါစာရင်းတွင်ပါနေပြီးဟု သဘာဝဝန်းကျင်ထိန်းသိမ်းရေးလေ့လာသူ တစ်ဦး ကပြောပါသည်။ တောက်တဲ့ သတ္တဝါကို ယခင်ကတရုတ်ပြည်နယ်စပ်များတွင် မှောင်ခိုရောင်းဝယ်မှုများ ရှိခဲ့သည်။

ယခုလိုထိုင်းနိုင်ငံဘက်မှ စျေးကောင်းပေးဝယ်နေမှုကြောင့် တွားသွားသတ္တဝါမျိုးစိပ်တစ်ခု ရှားပါးသွားမှာ စိုးရိမ်စရာ ဟု သဘာဝဝန်းကျင်ထိန်းသိမ်းရေးလေ့လာသူတစ်ဦးမှပြောပါသည်။

 

 

 

 

 

 

Most read this week