ဒီကေဘီအေနှင့် ဟောင်သရောကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များမှ တပ်အသွင်ကူးပြောင်းလိုသူများ မြဝတီမြို့ စရဖရုံး၌ ယခုသီတင်းပတ်မှစပြီး လာရောက်စာရင်းပေးသွင်းနေကြောင်း အမည်မဖေါ်လိုသော ဒီကေဘီအေ အရာရှိတစ်ဦး ပြော....
ဒီကေဘီအေနှင့် ဟောင်သရောကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များမှ တပ်အသွင်ကူးပြောင်းလိုသူများ မြဝတီမြို့ စရဖရုံး၌ ယခုသီတင်းပတ်မှစပြီး လာရောက်စာရင်းပေးသွင်းနေကြောင်း အမည်မဖေါ်လိုသော ဒီကေဘီအေ အရာရှိတစ်ဦး ပြောပါသည်။
“စာရင်းသွင်း၊ ဓါတ်ပုံရိုက်ပြီးရင် ကဒ်တစ်ခုစီထုတ်ပေးတယ်၊ တပ်အသွင်ပြောင်းတာကိုစာရင်းပေးသွင်းတဲ့ ကိစ္စမပြီးပြတ်သေးလို့ လောလောဆယ်မှာ ဘာတွေဆက်ဖြစ်လာမှာကိုမသိသေးဘူး၊ အခမ်းအနားတွေ ဘယ်တော့လုပ်မလဲဆိုတာကိုလည်း မသိရသေးဘူး” ဟု အဆိုပါအရာရှိက ပြောသည်။
အဆိုပါအရာရှိအပြောအရ ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ်၄င်း၊ ဟောသရော ကရင် ငြိမ်းချမ်းရေး KPF တပ်ဖွဲ့များမှာ ဌာနေပြည်သူ့စစ်တပ် အသွင်ပြောင်းလဲကြမည်ဟု သိရသည်။
သို့ရာတွင် ဗိုလ်ချုပ်ထိန်မောင် ဦးစီးသည့်ကရင်ငြိမ်းချမ်းရေးကောင်စီ NKU-KNLA/ PC အဆိုပါတပ် အသွင်ပြောင်းလဲမှုကို လက်မခံငြင်းပယ်နေဆဲဖြစ်သည်ဟု သိရသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ စောနေစိုးမြသည်လည်း နအဖအရာရှိများနှင့် လက်ခံ တွေ့ဆုံခြင်း မပြုတော့သဖြင့် ထိုင်းနယ်မြေအတွင်း ဝင်ရောက်ခိုလှုံနေသည်ဟု မြဝတီမြို့နေ ဝန်ထမ်း အသိုင်းအဝိုင်းများ အကြားတွင် ပြောဆိုနေကြသည်။
ဒီကေဘီအေခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးစောလားပွယ်(နှုတ်ခမ်းမွေး)က တပ်အသွင်ပြောင်းလဲရေးကို လုံးဝလက်မခံဟုဆိုသော်လည်း ၄င်းယောက်ဖတော်စပ်သူ ဗိုလ်မှူးကြီးမုတ်သုန်၏ လက်အောက်ခံ တပ်ဖွဲ့ဝင် အင်အား နှစ်ရာခန့်အသွင်ပြောင်းလဲရန် စာရင်းပေးသွင်းနေကြောင်း မြဝတီမြို့ပေါ်ရှိ ဒီကေဘီအေနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပြောပါသည်။
“စီးပွားရေးလုပ်ငန်းတွေ သူတို့အခြေချထားတာမနည်းလှဘူးလေ၊ ဘယ်အဆုံးအရှုံးခံနိုင်မလဲ၊ နယ်ခြားစောင့်တပ် လက်မခံရင် အားလုံးအဆုံးခံလိုက်ရမယ်” ဟု အဆိုပါလုပ်ငန်းရှင်က ပြောပါသည်။
နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းလဲရေးလက်ခံသူ ဒီကေဘီအေမှဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့်တပ်ဖွဲ့ဝင် အင်အားတစ်ထောင်ခန့် စာရင်းပေးသွင်းထားပြီဖြစ်ကြောင်း သိရသည်။
“အသွင်ပြောင်းလဲရေးတွေလုပ်ပြီးရင် ရပ်တည်ရေးအတွက် သူတို့အတွက်နယ်ခြားဂိတ်သုံးဂိတ်ကိုပဲ နအဖက ခွင့်ပြုမယ်၊ ကျန်ဂိတ်တွေကို မြန်မာစစ်တပ်ဝင်ထိုင်မယ်လို့ သိထားတယ်”ဟု ထိုင်းနယ်စပ်စစ်ရေး စောင့်ကြည့်နေသူ တစ်ဦး ပြောသည်။
လက်ရှိတွင် မြဝတီ-မဲဆောက်ဖြတ်သန်းရန် အပစ်ရပ်အဖွဲ့များ သောင်းရင်းမြစ်တလျှောက် နယ်ခြား ဖြတ်ကျော် ဂိတ် (၁၃) ခုဖွင့်လှစ်ထားသည်ဟုသိရပြီး နောင်တွင်အပစ်ရပ်အဖွဲ့များအစား မြန်မာစစ်တပ်နှင့် နယ်ခြားစောင့် တပ်ဖွဲ့များသာ ဆက်လက်ထိမ်းထားမည့် အခြေအနေများရှိနေသည်ဟု အကဲခတ်ပြောဆိုနေကြသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကြောင့် ဒီကေဘီအေတပ်ဖွဲ့အချင်းချင်း အကွဲအပြဲဖြစ်နေပြီဟု စစ်ရေး စောင့်ကြည့်သူများ သုံးသပ်ကြသည်။
အဆိုပါအသွင်ပြောင်းလဲကြမည့် ဒီကေဘီအေတပ်ဖွဲ့ဝင်အရေအတွက်အတိအကျကို လက်ရှိတွင် အတည် မပြုနိုင်သေးကြောင်း မေးမြန်ချက်များတွင် ပြောဆိုကြသည်။
အခမ်းအနား တစ်ခုမှ ဒီကေဘီအေ အရာရှိများ
၁၉၉၄ ခုနှစ်တွင် ဘာသာရေးအကြောင်းပြချက်ဖြင့် ကေအဲန်ယူမှ တိုးတက်သောဗုဒ္ဓဘာသာတပ်ဖွဲ့ (ခေါ်) ဒီကေဘီအေ ခွဲထွက်ကာ မြန်မာစစ်အစိုးရအားကျောထောက်နေခံပြုနေခဲ့ရာတွင် ဗုဒ္ဓဘာသာရဟန်းတစ်ပါးဖြစ်သူ မြိုုင်ကြီးငူဆရာတော်ဦးသုဇန နာယကအဖြစ်ဦးဆောင်ခဲ့သည်။
သို့သော်လည်း ယခုအခါ ဒီကေဘီအေတပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲရေးကို ဆရာတော် ဦးသုဇန လက်မခံကြောင်း သတင်းဌာနအသီးသီးတွင် ရေးသားဖေါ်ပြခဲ့ကြသည်။
လက်ရှိဒီကေဘီအေအဖွဲ့အတွင်း နယ်ခြားစောင့်သူများ၊ အနားယူသူများ၊ ကေအဲန်ယူထံဘက်ပြောင်းသူများ၊ ကေအဲန်ယူနှင့်မဟာမိတ်ဖွဲ့၍ မြန်မာစစ်အစိုးရအားပြန်လည်တိုက်ခတ်မည့် ဒီကေဘီအေစသည်ဖြင့် အင်အား ပြန်ကြဲသွားမည့် လက္ခဏာများ တွေ့ရှိနေရသည်ဟု အကဲခတ်များသုံးသပ်နေကြသည်။