ဘုရားသုံးဆူ ဗုံးပေါက်ကွဲမှု စစ်အစိုးရ သတင်းစာများ အချက်လက် လွဲမှားဖေါ်ပြ

ဘုရားသုံးဆူ ဗုံးပေါက်ကွဲမှု စစ်အစိုးရ သတင်းစာများ အချက်လက် လွဲမှားဖေါ်ပြ
by -
မင်းထက်အောင်
မေလ ၉ ရက်ညပိုင်းက ဘုရားသုံးဆူမြို့ပေါ် ဗုံးပေါက်ကွဲမှုသတင်းအချက်အလက်တစ်ချို့အား လွဲမှားစွာရေးသားဖေါ်ပြခဲ့သည်ကို ယနေ့စစ်အစိုးရထုတ် သတင်းစာ များတွင် ဖတ်ရှုခဲ့ရ....

မေလ ၉ ရက်ညပိုင်းက ဘုရားသုံးဆူမြို့ပေါ် ဗုံးပေါက်ကွဲမှုသတင်းအချက်အလက်တစ်ချို့အား လွဲမှားစွာရေးသားဖေါ်ပြခဲ့သည်ကို ယနေ့စစ်အစိုးရထုတ် သတင်းစာ များတွင် ဖတ်ရှုခဲ့ရသည်။

အဆိုပါဗုံးပေါက်ကွဲသည့်နေရာအား “ဘုရားသုံးဆူမြို့အဝင် ဂျပန်ရေတွင်းကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း” သတင်းစာများဖေါ်ပြချက်သည် အဓိကလွဲမှားသည့် အချက် တစ်ချက် ဖြစ်ကြောင်း ဘုရားသုံးဆူမြို့၌ တာဝန်ကျသူ မွန်ပြည်သစ်ပါတီအရာရှိတစ်ဦးဆိုပါသည်။

အမှန်စင်စစ် အခင်းဖြစ်ပွားသည့်နေရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်ခြားဂိတ်စခန်းအနီး ဂျပန်ရေတွင်းဖက်သို့ထွက်ခွာသူများကို စစ်ဆေးသော မြန်မာစစ်တပ်ဂိတ်ရှေ့၊ ဘုရားသုံးဆူမြို့ဧရိယာအတွင်း၌ ဖြစ်သည်ဟု မျက်မြင်တွေ့ခဲ့များ ပြောဆိုသည်။

ဘုရားသုံးဆူမြို့ရွှေတောင်ကြားဂေါက်ကလပ်အဝင်ဂိတ်

သတင်းဖေါ်ပြပါ ဂျပန်ရေတွင်းကျေးရွာသည် စစ်အစိုးရနှင့်မွန်ပြည်သစ်ပါတီ (၁၉၉၅) ခု၊ သဘောတူညီချက်အရ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဖြစ်သည်။ ယခုအခါ စစ်အစိုးရနှင့် နှစ်ဖက်တင်းမာနေမှုကြောင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့များ လုံခြုံရေးတိုးမြင့်ချထားရာဒေသလည်း ဖြစ်သည်။

တဖန်စစ်အစိုးရ သတင်းစာဖေါ်ပြချက်တစ်ရပ်တွင် “ဘုရားသုံးဆူမြို့နေ အောင်အောင်၊ အသက်(၄၁)နှစ်(ဘ) ဦးစိန်လွင်၊ ဆိုင်ကယ်တက္ကစီမောင်းသူအား ကေအင်န်ယူ တပ်မဟာ(၆) အကောက်တာဝန်ခံတစ်ဦးက မိုင်းထောင်ဖေါက်ခွဲဖျက်ဆီးပေးရန် ငွေပေးစေခိုင်းခဲ့” သည်ဟု ရေးသားထားပါသည်။

ထိုစွပ်စွဲချက်နဲ့ပတ်သက်ပြီး တပ်မဟာ(၆) ပြောခွင့်ရဗဒိုစောထဲနေက “ဒီလုပ်ရပ်ဟာ ကေအင်န်ယူကလုပ်တာမဟုတ်ဘူး ဆိုတာကို အခြားကရင်လက်နက်က်ုိင် အဖွဲ့ တွေရော မဟာမိတ်တွေကပါ သိနေပါတယ်၊ သက်သေနဲ့တကွမိနေတာတောင်မှ ကေအင်န်ယူပါလို့ ပြောရဲသေးတယ်” ထိုသို့ပြောကြားပါသည်။

စစ်အစိုးရသတင်းဖေါ်ပြချက်၌ အောင်အောင်(မောင်အောင်)မှာ အဖော်တစ်ဦးနှင့်အတူ အဆိုပါဗုံးကို သယ်ယူလာသည်ဟုဆိုသဖြင့် ၄င်းဖြစ်ရပ်တွင် အဓိက ခေါင်းဆောင်ဟု အဓိပ္ပါယ်သက်ရောက်နေသည်။

ကောင်းဝါမှ မေးမြန်းစုံစမ်းချက်များအရ အဆိုပါဖေါက်ခွဲမှုခေါင်းဆောင်ဖြစ်သူမှာ မောင်ဖြူဆိုသူ ဖြစ်ပြီး KPF (ခေါ်) စောသမူဟဲဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေး တပ်ဖွဲ့(ဟောင်သရောဒေသ) မှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည်။

ပေါက်ကွဲမှုတွင် ၄င်း၏တင်ပဆုံနှင့် နောက်ကျောပြင်၌ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူဖြစ်သည်။ သို့ရာတွင် အဆိုပါပုဂ္ဂိုလ်နှင့်ပတ်သက်၍ သတင်း၌ရေးသားဖေါ်ပြခြင်း မရှိခဲ့ပေ။

သတင်းစာတွင် “၄င်းတို့နှစ်ဦးအား ဘုရားသုံးဆူပြည်သူ့ဆေးရုံ၌ လိုအပ်သောပြုစုကုသမှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း” ရေးသားခဲ့ရာ မဟုတ်မမှန်ကြောင်း ဘုရားသုံးဆူမြို့၊ ပြည်သူ့ဆေးရုံမှ အမည်မဖေါ်လိုသောဝန်ထမ်းတစ်ဦး ငြင်းဆိုပါသည်။

“ကျနော်တို့ဆေးရုံမှာမထားဘူးဗျ၊ တပ်ထဲမှာပဲကုသပေးနေရတယ်၊ အရေးကြီးတဲ့တရားခံလူနာဖြစ်နေတော့ အဲဒီကိုပဲဓါတ်ဆားတွေ ဒီကနေသွားပြီးချိတ်ပေးနေရတာ၊ အဲဒီလူနှစ်ယောက်ကို တပ်ရင်းအချုပ်ခန်းထဲမှာ ထိပ်တုံးခပ်ထားတယ်ဗျ” ဟုအဆိုပါဝန်ထမ်းက ပြောဆိုခဲ့သည်။

ဘုရားသုံးဆူမြို့ဗုံးပေါက်ကွဲမှုအကြောင်း စစ်အစိုးရသတင်းစာယနေ့ရေးသားဖေါ်ပြချက်

ဒေသရှိ စစ်ရေးအကဲခတ်ပုဂ္ဂိုလ်တစ်ဦးက “ဒီကိစ္စဟာ စစ်အစိုးရက KPF နဲ့ သူတို့ထိပ်တိုက်မတွေ့ချင်သေးလို့ သတင်းအမှန်ကိုမပြောသေးပဲ ထိန်ချန်စရာရှိ ထိန်ချန် ထား၊ လွှဲစရာရှိ ကေအင်န်ယူဖက်ကို လွှဲပြောတာတွေလုပ်နေတယ်၊ ခုလည်းဒီသုံးဆူ KPF တွေက သူတို့ကိုရှောင်နေတယ်လေ” ထိုသို့ယူဆသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ(၁၀) ရက်နေ့ နံနက်ပိုင်းတွင်လည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူသို့သွားသည့် ကားဂိတ်တွင် ပိုင်ရှင်မဲ့လက်လုပ်ဗုံး ၂ လုံး သိမ်းဆီးရမိသည်ဟု ဂိတ်မှူးတစ်ဦးက ပြောဆိုခဲ့သည်။

ယခုတလောမြန်မာနိုင်ငံရှိ၊ မြို့ဒေသအနှံ့အပြား၌ ဗုံးပေါက်ကွဲဖြစ်ပေါ်မှုနှင့် မပေါက်ကွဲသေးသည့် ဗုံးရှာဖွေတွေ့ရှိခဲ့မှု သတင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည်။

Most read this week