တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော အလယ်စခမ်း၊ ကိုးမိုင်၊ ကျောက်ကုတင်၊ ရာဖူး အစရှိသည့် ကျေးရွာသားများသည် ဒေသခံစစ်အာဏာ ပိုင်များမှ ကျေးရွာပြည်သူ့စစ် ဖွဲ့စည်းသည့် လုပ်ရပ်အပေါ် ရှောင်လွှဲသည့်အနေနှင့် မာတ်ချ်လပထမအပါတ်လောက်တွင် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဌာနချုပ်ဝန်းကျင် ဒေသဘက်သို့ မိသားစုအလိုက် တိမ်းရှောင်ရောက်ရှိလာသည်ဟု ဒေသခံများက ပြောပါသည်။ ဤသို့ထွက်ပြေး တိမ်းရှောင် လာရသည့်အကြောင်းအရင်းများကို လေ့လာစစ်တမ်းကောက်ယူထားသော မွန်ပြည်လူ့အခွင့်အရေး ဖေါင်ဒေးရှင်း လုပ်ငန်း အစီအစဉ်ကြီးကြပ်သူ နိုင်အွန်းမွန်က ယခုလို ပြောပါသည်။
"ကျွန်တော်တို့ကောက်ခံရရှိတဲ့သတင်းတွေအရဆိုလို့ရှိယင် ဒီအိမ်ထောငိစုပေါင်း(၉၅)ကနေ(၁၁ဝ)လောက် ရှိတယ်။ လူဦးရေအရဆိုလို့ရှိယင် (၂ဝဝ)ပါတ်ဝန်းကျင်လောက်ရှိမယ်။ အဓိကပြောင်းထွက်လာတဲ့ ပုံစံတွေ ကတော့ အခုလက်ရှိနအဖစစ်အစိုးရရဲ့ စစ်ကြောင်းတွေဖြစ်တဲ့(၂၈၂)တို့ (၂၇၃)တို့ ဒီဘက်မှာဆိုလို့ရှိယင် (၃၁)တို့ အဲဒီကစစ်ကြောင်းတွေက သူတို့နေထိုင်ရာရွာပါတ်လည်မှာရှိနေတဲ့ မွန်ခွဲထွက်အဖွဲ့တွေ နောက်ပြီးတော့ ကေအာန်ယူတပ်မဟာ(၄)ကစစ်ကြောင်းတွေကို ထိုးစစ်ဆင်နေတဲ့ကာလအနေအထား ကြောင့်လဲဖြစ်နိုင်တယ်။ နောက်တခုက အခုလတ်တလောဖြစ်နေတဲ့ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မတက်ခိုင်းတဲ့ကိစ္စတွေကို ရှောင်ကွင်းတဲ့ပုံစံလည်းဖြစ်တယ်။ တချို့ဆိုလို့ရှိရင်အပြီးအပိုင် ထွက်ပြေးလာသလို တချို့ကလဲ ခေတ္တခဏရှောင်နေတဲ့သဘောအနေနဲ့ ကျွန်တော်တို့မေးမြန်းတွေ့ ဆုံချက်များ အရ သိရှိရပါတယ်။"
ရေဖြူမြို့နယ် အလယ်စခမ်းကျေးရွာသားများ၏ လက်ရှိရင်ဆိုင်နေရသော အခြေအနေမှာ နယ်မြေခံ စစ်တပ်ကိုသာမက စစ်တပ်နှင့်ပူးပေါင်း လုပ်ဆောင်နေသည့် ကျေးရွာအုပ်ချုပ်ရေးလူကြီးများကိုလည်း ကြောက်ရွံ့ နေရသည်ဟု ဒေသခံ ကျန်းမာရေးမှူးတစ်ဦးက ပြောဆိုခဲ့ပါသည်။
ထွက်ပြေးတိမ်းရှောင်လာသည့်ရွာသားများကို နယ်မြေခံမွန်ပြည်သစ်ပါတီမှ နေရာချထားပေးခဲ့သည်ဟု ဆိုသော်လည်း ၄င်းတို့အတွက် စားဝတ်နေရေးအပြင် လုံခြံုရေးအခြေအနေအရ စိုးရိမ်စရာအနေအထားမှာ ရှိနေသေးသည်ဟု အဆိုပါ ဒေသခံကျန်းမာရေးမှူးမှယခုလိုဆက်လက်ပြောဆိုခဲ့ပါသည်။
" ဒီရောက်လာတဲ့လူတွေဟာ သူတို့ပြန်ဖို့ သူတို့မှာလုံးဝဆန္ဒမရှိဘူး။ သူတို့ရေရှည်လုပ်ကိုင် စားသောက်ဖို့အတွက်လဲ သူတို့မှာ ဒီရွာကရလာတဲ့ အရင်း အနှီးရယ်၊ ပိုက်ဆံငွေကြေးတွေရယ်၊ ဒီဘက်မှာရှိတဲ့ ဒီပိုင်ဆိုင်တဲ့ခြံမြေတွေလဲ ရှိတာမဟုတ်တဲ့အတွက်ကြောင့် ဒီမွန်ပြည်သစ်ပါတီက သူတို့အတွက်ဆိုပြီးတော့ရွာတစ်ရွာ တည်ထောင်ပေးမယ်လို့ကြားတယ်။ အလယ်စခန်း နဲ့ရွာသစ်မရော့ချိုင်းကြားမှာဟို လယ်ပြင်ကြီးတစ်ခုရှိတယ်ဗျ။ မွန်လိုခေါ်တော့ဝယ်နွတ်ပေါ့ လယ်ကြီးပေါ့။ အဲမှာနေရာချထားပြီးသားရှိတယ်။ ဒါပေမယ့် လုံခြုံရေးအရ ဘာမှသူတို့ကိုအကာအကွယ် ပြည့်ပြည့် ဝဝမပေးနိုင်တဲ့အနေအထားမှာရှိနေတော့ နေတဲ့လူကနေပြီးတော့ ထွက်တဲ့လူကလည်း ဘေးက ခြံတွေမှာ ဘေးကလူအသိုင်းအဝိုင်းတွေမှာ ဝင်ရောက်နေထိုင်တာလဲရှိတယ်။ ဒါကလဲ လုံခြံုရေးအရ အာမခံနိုင်တဲ့ အနေအထားမျိုး မရှိတဲ့အတွက် ကြောင့်ပဲဖြစ်ပါတယ်။ "
ရေဖြူမြို့နယ်အတွင်းရှိကျေးရွာများသည် ယခင်ကမွန်ပြည်သစ်ပါတီနှင့် ကေအာန်ယူအဖွဲ့တို့၏ ထိမ်းချုပ်မှု အောက်တွင်ရှိခဲ့သော်လည်း မွန်ပြည်သစ်ပါတီသည်(၁၉၉၅)ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်ဆဲပြီးသည့် နောက်ပိုင်း ၄င်းဒေသများကို စစ်တပ်မှ ချုပ်ကိုင်လာခဲ့သည်ဆိုပါသည်။ ၄င်းဒေသခံကျေးရွာသားများမှာ ရေး ထားဝယ်ရထားလမ်းဖေါက်လုပ်ရေးလုပ်ငန်းများတွင် အတင်းအဓမ္မလုပ်အားပေးခိုင်းခံခဲ့ရသည့်အပြင်ဂက်စ်ပိုက်လိုင်း လုံခြံုရေးအတွက် နေ့ရောညပါကင်းစောင့်ပေးနေရသောကြောင့် မြန်မာပြည်တောင်ပိုင်းဒေသတွင်လူ့အခွင့် အရေး ချိုးဖေါက်မှုခံနေရဆဲဟု မွန်လူ့အခွင့်အရေးလှုပ်ရှားသူများမှ ပြောဆိုခဲ့ပါသည်။