မသန့်စင်သောငါးများ စျေးတွင်ရောင်းချနေဆဲ

မသန့်စင်သောငါးများ စျေးတွင်ရောင်းချနေဆဲ
by -
ဆူးပန်း
ငါးလုပ်ငန်းဦးစီးဌာနမှ စျေးကွက်အတွင်းရောင်းချနေသောပြဒါးဓာတ်ပါသော ငါးများ၊ မသန့်စင်သော ငါးများ ဓါတုဗေဒဆေးများထည့်သွင်းထားသောငါးများကို စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်သဖြင့်  လိုအပ်သောစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီးဟု ပြည်တွင်းထုတ်ဂျာနယ်များတွင်...

ငါးလုပ်ငန်းဦးစီးဌာနမှ စျေးကွက်အတွင်းရောင်းချနေသောပြဒါးဓာတ်ပါသော ငါးများ၊ မသန့်စင်သော ငါးများ ဓါတုဗေဒဆေးများထည့်သွင်းထားသောငါးများကို စားသုံးမိပါက ကျန်းမာရေးထိခိုက်နိုင်သဖြင့်  လိုအပ်သောစစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီးဟု ပြည်တွင်းထုတ်ဂျာနယ်များတွင် ရေးသားဖေါ်ပြထား ပါသည်။

စစ်ဆေးမှုများအရ အထူးသဖြင့်စျေးတွင်ရောင်းချနေသောပြဒါးဓာတ်ပါသောငါးများကိုစားသုံးလျှင် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် အနေအထားမျိုး မတွေ့ရှိရကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့ကြောင်းဖေါ်ပြထားပါသည်။

လက်ရှိအခြေအနေအရစျေးဆိုင်များတွင် ဓါတုဗေဒဆေးများထည့်သွင်းထားသောငါးရောင်းချမှုကို အ ရေးယူနေသည်ဟုဆိုသော်လည်း လက်တွေ့အနေအထားအရ ဖြစ်ဖြစ်မြောက်မြောက်အရေးယူနိုင်ခြင်းမရှိသေး ဟု မော်လမြိုင်သံလွင်စျေးမှ စည်ပင်သာယာရေးအရာရှိတစ်ဦးမှပြောပါသည်။ အထူးသဖြင့် ပင်လယ်ငါးကြီးများ မွေးမြူရေးငါးကြီးများမှာ ရေခဲစိမ်ပြီးရောင်းချနေရသောကြောင့် တာရှည်ထားနိုင်ရန်ဖေါ်မလင်ဆေးများ ထိုးထားခြင်း ပါးဟက်များ အနီရောင်သန်းနေစေရန် ယူရီးယား (ပုလဓါတ်မြေသြဇာ)ထည့်သွင်းထားသည်မှာ များကြောင်း အဆိုပါ စည်ပင်သာယာရေးအရာရှိတစ်ဦးမှဆိုပါသည်။

မော်လမြိုင်မြို့ မြိုင်သာယာရပ်တွင်နေထိုင်သူကျောင်းဆရာမတစ်ဦးမှ ၄င်းတွေ့ကြံုခဲ့သောအဖြစ်အပျက် ကို ဤသို့ပြောပြခဲ့သည်။

“ ကျွန်မတို့အိမ်မှာအလှူလုပ်တော့ သံလွင်စျေးထဲမှာငါးသွားဝယ်တယ်လေ။ စျေးသည်ကပြောတယ် အစ်မကြည့်စမ်း ငါးတွေလတ်မှလတ်။ ပါးဟက်ကိုကြည့် နီရဲနေတာဘဲဆိုပြီးပြောတယ်။ သူလဲအဆွယ် ကောင်းတာနဲ့ ငါးကြင်း(၇)ပိသာဝယ်လိုက်တယ်။ အိမ်ရောက်တော့ ငါးကိုင်တဲ့အခါမှာ ငါးပါးဟက်က အေးစက် နေတာသိရ တယ်။ ပြီးတော့စိမ်းရွှေရွှေအနံ့တွေရတယ်။ ဟိုလူသေအလောင်းက အနံ့ပေါ့နော်။ ကျွန်မလဲမသင်္ကာတာနဲ့ နီးစပ်ရာသူနာပြုဆရာမ တစ်ယောက်ကို ခေါ်ပြတော့ ဟို လူသေတွေကို ထိုးပေးတဲ့ ဖေါ်မလင်ဆေးထိုးထားတာ သိရတယ်။”

အဆိုပါဖြစ်စဉ်ကိုစျေးကော်မီတီတွင်တိုင်ကြားသော်လည်းအရေးယူမှုမရှိဟု ပြောပါသည်။ အလားတူ မွန်ပြည်နယ် ရေးမြို့နယ်စျေးတန်းတွင် မသန့်စင်သောငါး ဓါတုဗေဒဆေးများထည့်သွင်း သောငါးရောင်းချမှုကို မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှပိတ်ပင်ထားသော်လည်း ငါးရောင်းချသူများသည် အောက်ခြေဝန်ထမ်းများနှင့် အပေးအယူလုပ်ကာ အနီးအနားကျေးရွာများဖြစ်သော ကလော့ ဟံဂံ ကော့လှိုင်ရွာများတွင်ရောင်းချနေ ကြောင်း ကလော့ရွာသားတစ်ဦးမှပြောပါသည်။

ပြဒါးဓာတ်ကြွင်းပါရှိသည့် ငါးကိုစားသုံးမိပြီးခန္ဓွာကိုယ်ထဲသို့ ရောက်ရှိပါက ပြဒါးဆိပ်သင့်ခြင်း ဖြစ်နိုင်ပြီး အခြား ဓါတုဗေဒဆေးများထည့်သွင်းသော ငါးများကို စားသုံးမိပါက ဦးနှောက်၊ ကျောက်ကပ်၊ အဆုတ်များ ကိုပျက်စီးစေနိုင်ကြောင်း ယားယံခြင်း၊ အသားအရေပြားအရောင်ပြောင်းလဲခြင်း၊ ပါးနှင့်နှုတ်ခမ်းများနီတတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ကြွက်သားများပျက်စီးခြင်းတို့ဖြစ်တတ်ကြောင်း တတ်ကျွမ်းသူ ဆရာဝန်တစ်ဦးမှ ပြောပါသည်။

Most read this week