(၂ဝဝ၉) ခုနှစ်အတွင်း ဖြစ်ပွားခဲသည့် လူကုန်ကူးမှုများအနက် သမီးရည်းစားပုံစံနှင့် အသွင်သစ်လူကုန်ကူးမှုနှင့် မိတ်ဆွေအသိုင်းအဝိုင်းများမှ ဖြားယောင်း သွေးဆောင်ခြင်း ပုံစံအသစ်နှင့်လူကုန်ကူးမှု များတိုးပွါးလာနေခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် နိုင်ငံဖြတ်ကျော်ဌာနမှ သတင်းထုတ်ပြန်ထားပါသည်။
(၂ဝဝ၉)ခုနှစ်အတွင်း၌ လူကုန်ကူးမှုပေါင်း(၁၅၅)မှု၊ တရားခံပေါင်း(၄၂၉)ဦးကို တရားစွဲဆိုနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ပေါင်း(၇၃၃)ယောက်ကို ကယ်တင်နိုင်ခဲ့သည်ဟုဆိုပါသည်။
အဆိုပါမှုခင်းများအနက်မှ သမီးရည်းစားပုံစံအသွင်ယူပြီး လူကုန်ကူးမှု၊ မိတ်ဆွေအသိုင်းအဝိုင်းများမှ အလုပ်အကိုင် ရမည်ဆိုပြီး ဖြားယောင်းသွေးဆောင်မှုကြောင့် လူကုန်ကူးခံရမှု(၃ဝ)ကျော်အထိ ရှိခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် နိုင်ငံဖြတ်ကျော်ဌာနကနေ တရားဝင်ထုတ်ပြန်ထားပါသည်။
လူကုန်ကူးမှုပုံစံအသစ်တမျိုးမှာ ငယ်ရွယ်ချောမောသောအမျိုးသားငယ်များကိုဘန်းပြပြီး အမျိုးသမီးငယ်များကို သိမ်းသွင်းကာ တစ်ဖက်နိုင်ငံကို ရောင်းချသည့် အသွင်သစ်လူကုန်ကူးမှု လုပ်ရပ်တမျိုးဟု ဆိုပါသည်။
အဆိုပါလုပ်ဟန်များကိုသိမြင်ခဲ့သည့် ဘုရားသုံးဆူမြို့ကိုရောက်လာသူ အမျိုးသမီးတစ်ဦးမှအခုလိုပြောပါသည်။
“ ကျွန်မတို့ဖါးအံမြို့မှာပေါ့နော်တွေ့နေရတာရှိတယ်။ အသက်ငယ်ငယ်ရုပ်ရည်ပြေပြစ်တဲ့အမျိုးသားငယ်တွေကို အသုံးချတယ်ပေါ့။ အဲသူတို့က ငွေကြေးမပြည့်စုံတဲ့ ရုပ်ရည်အတင့်တင့်ရှိတဲ့မိန်းကလေးတွေနဲ့ ရီးစားထားတယ်။ ပြီးတော့ တဖက်နိုင်ငံမှာအလုပ်လုပ်ရင်း ဘဝသစ်ထူထောင်ရအောင်ဆိုပြီး မျှားခေါ်လာတယ်။ ဒီဘက် ရောက်တော့ ပွဲစားတွေကိုအပ်လိုက်တယ်။ ကလေးမလေးတွေခမျာ မသွားတတ်မလာတတ်နဲ့ ရောင်းစားခံရတာဟာ သိပ်ရင်နာ ဖို့ကောင်းတယ်” ဟုပြောပြပါသည်။
အဆိုပါလူကုန်ကူးမှုတားဆီးရေးနှင့်ပက်သက်၍ မြဝတီမြို့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး အထူးအဖွဲ့ နိုင်ငံဖြတ် ကျော်မှုခင်းဌာနမှ အရာရှိတစ်ယောက်ကို ဆက်သွယ်မေးမြန်းရာတွင် ယခုလိုရှင်းပြ ခဲ့ပါသည်။
“ လူကုန်ကူးမှုတားဆီးအရေးယူရေး လုပ်ငန်းတွေကတော့ အသိပညာပေးပြီးတော့ ကာကွယ်စောင့်ရှောက်တာ တားဆီးနှိမ်နှင်းတာရှိပါတယ်။ ဖမ်းဆီးပြီးတော့ တားဆီးနှိမ်နှင်းတာရှိပါတယ်။လူတွေကို သိလာအောင်မြင်လာ အောင် ဖြစ်စဉ်သာဓကတွေချပြပြီးတော့မှ တားဆီးကာကွယ်မှုလုပ် တာတွေရှိပါတယ်။ နောက်တခု ကတော့ လူကုန် ကူးမှုကျူးလွန်တဲ့သူ နောက်တခါကျူးလွန်ရန် အားထုတ်တဲ့လူ အဲတာတွေကိုဖမ်းဆီးပြီးတော့ အရေးယူရတယ်။ တရားမဝင်လမ်းကြောင်းကနေ နယ်စပ်ဒေသတွေကို ဖြတ်ကျော်တာတွေကို တားဆီးပြီးတော့ ပညာပေးဆွေးနွေး ပြုလုပ်ပြီးတော့ နေရပ်ကိုပြန်ပို့ရတာလဲ ရှိပါတယ်။”
ပြည်တွင်း၌ အခြေခံစီးပွါးရေးချို့တဲ့၍သော်၄င်း အကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံတွင် လာရောက်အလုပ်ကိုင် ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ထားလျှင် ပိုပြီးအာမခံချက်ရှိ မည်ဖြစ်ပြီး တရားမဝင်နည်းလမ်းဖြင့်သွားသည့်အခါတွင် တဖက်နိုင်ငံ၌ အနိုင်ကျင့်ခံရခြင်း ခေါင်းပုံဖြတ် ခံရခြင်းများ အတွက် အရေးယူတိုင်ကြားနိုင်မှု မပြုနိုင်သည့်အတွက် ဆုံးရှုံးနစ်နာမှုရှိမည်ဟု မြဝတီမြို့လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေးအထူးအဖွဲ့ နိုင်ငံဖြတ်ကျော် မှုခင်းဌာန အရာရှိတစ် ယောက်မှပြောပါသည်။
(၂ဝဝ၉)ခုနှစ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ လူကုန်ကူးမှုများတွင် ကြွေးမြီပြဿနာနှင့် မိသားစုပြဿနာများအတွက် တွန်းပို့ခဲ့သည့်အမှုသည် (၆ဝ)ရာခိုင်နှုန်းခန့်အထိရှိခဲ့ပြီး လူကုန်ကူးသူများအနေနှင့် ဘဝရပ်တည်ရန်ခက်ခဲသည့် လူများကို ပစ်မှတ်ထားရွေးချယ်လေ့ရှိသည်ဟုဆိုပါသည်။
မြန်မာစစ်အစိုးရအနေနှင့် လူကုန်ကူးမှုများကို တားဆီးကာကွယ်နှိမ်နှင်းရန်အတွက်(၂ဝဝ၉)ခုနှစ်တွင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါသည်။