ဆူးပန်း(ဇန်နဝါရီ- ၂ဝ)။ ။ မြန်မာနိုင်ငံပြည်နယ်နှင့်တိုင်းအတွင်းမှာရှိသည့် သစ်တောကြိုးဝိုင်းများမှသစ်များကို ပုဂ္ဂလိက ကုမ္ပဏီကြီးများအားပိုမိုထုတ်ယူခွင့်ပေး လိုက်သည်ဟု သစ်လုပ်ငန်းရှင်တစ်ဦးမှ ပြောပါသည်။
၂ဝဝ၉-၂ဝ၁ဝဘဏ္ဍာနှစ်အတွက် သစ်တောကြိုးဝိုင်းများမှ ကျွန်းသစ်ပင်ရေတစ်သိန်းသုံးသောင်းကျော်နှင့် သစ်မာ ပင်ရေ ခြောက်သိန်းခန့်လောက်ကို ထုတ်ယူခွင့်ပေးရန်အတွက် သစ်တောရေးရာဝန်ကြီးဌာန သစ်တော ဦးစီးဌာန ကနေ ပုဂ္ဂလိကသစ်လုပ်ငန်းရှင်တွေနှင့် ညှိနှိုင်းဆွေးနွေးမှုပြုလုပ်ခဲ့သည်ဟု ပြည်တွင်းမှ၌ထုတ်ဝေသည့် ဂျာနယ် များမှလည်း ရေးသားဖေါ်ပြထားပါသည်။
ထို့အပြင်လိုအပ်သည့်ယာဉ်ယန္တရားတွေကိုလည်း ပုဂ္ဂလိကကုမ္ပဏီများကို ငှားရမ်းပေးမည်ဆိုသည့် သဘောတူညီ ချက်လည်းပါဝင်နေသည်ဟု သစ်လုပ်ငန်းရှင်တစ်ဦးကပြောပါသည်။ မြန်မာနိုင်ငံ၏ သစ်ထုတ်လုပ်နိုင်မှုစွမ်းအားနှင့် လက်ရှိအနေအထားအရ မြန်မာ့သစ်တောအခြေအနေများကို အငြိမ်း စားသစ်တောဦးစီးမှူး ဦးထွန်းရီမှယခုလိုပြော ပါသည်။
မြန်မာနိုင်ငံမှာ သစ်တောဧရိယာဟာ မြန်မာနိုင်ငံရဲ့ဧရိယာ (၅ဝ)ရာခိုင်းနှုံးခန့်ရှိတယ်လို့ဆိုပေမယ့် သစ်တောအား လုံးဟာ သစ်ထုတ်လုပ်သည့်အရည်းအချင်းကများများမရှိပါဘူး။ အဲဒီ (၅ဝ)ရာခိုင်နှုံးရဲ့ (၂ဝ) ရာခိုင်နှုံးခန့် လောက် သာရှိနေပါတယ်။ ကျွန်းသစ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း(၄ဝ)ကျော်ကစိုက် ထားမှ ယနေ့အချိန်အခါမှာ ခုတ်ယူအသုံး ပြုနိုင်ပါတယ်။ ပျဉ်းကတိုးဆိုရင်လည်းထိုနည်းလည်းကောင်းပဲ အနည်းဆုံး (၁၅) နှစ်လောက်မှ ခုတ်ယူနိုင်မယ်ဖြစ် တဲ့အတွက် ဒီနှစ်ပုဂ္ဂလိကတွေကို ပေး ခုတ်ထုတ်လုပ်လည်းပေးမယ်ဆိုရင်တောင် များများစားစားကျန်မှာမဟုတ် တော့ဘူး။ လွန်ခဲ့တဲ့ (၁၉၈၈) ကနေပြီးတော့ ယခု (၂ဝဝ၉) ခုနှစ်အထိ သစ်တောပြုန်းတီးမှုဟာ အဆိုးဝါးဆုံး အခြေအနေမှာရှိနေပါတယ်။ ဒီလိုဆိုးသွားအောင်လည်း ယခုလက်ရှိ အစိုးရစစ်အစိုးရနှင့် စစ်အစိုးရဘက်တော်သား တွေက ထုတ်လုပ်လိုက်တာပဲဖြစ်တယ်။
မြန်မာ့စီးပွားရေး၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သော သစ်တောကဏ္ဍသည် သစ်တောဦးစီးဌာနမှ ချူပ်ကိုင်ထား သည်ဆိုသော်လည်း လက်တွေ့တွင် သစ်တောထုတ်လုပ်မှုအပိုင်းများကို စစ်တပ်အကြီး အကဲတွေကသာ ဆုံးဖြတ် ပိုင်ခွင့်ချုပ်ကိုင်ထားသောကြောင့် သစ်တောဦးစီးဌာနအနေနှင့် အရေးပါ အရာမရောက်ဘဲရုပ်ပြ အသွင်သာရှိသည် ဟု အငြိမ်းစားသစ်တောဦးစီးမှူး ဦးထွန်းရီက ဆက်လက်ပြောဆိုခဲ့ပါသည်။
တကယ်တော့သစ်တောဦးစီးဌာနတွေဆိုတာဟာ ဥပဒေပိုင်ဆိုင်ရာကြီးကြီးမားမားတွေ ကိုင်ထားတာ မရှိပါဘူး။ ဘာလို့လဲဆိုရင်သစ်တောဦးစီးဌာန၊ သစ်တောပညာရေး၊ သစ်တောဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တောဥပဒေသာကိုင်ထားတာ။ တကယ်တော့ဒီသစ်တောဥပဒေနဲ့ပတ်သက်ပြီးတော့ ပြည်သူ ပြည်သားတွေ အနည်းအကျဉ်းလောက်ပဲ သူကကျူးလွန်လို့ဆိုရင် ဥပဒေအရအရေး ယူလို့ရနိုင်တယ်။
စစ်အုပ်စုနဲ့ပတ်သက်တဲ့၊ စစ်ဗိုလ်နဲ့ပတ်သက်တဲ့ ဗိုလ်မှူးကြီးဗိုလ်ချူပ်အစရှိတဲ့ စစ်သားခေါင်းဆောင် နဲ့ပတ်သက်ရင် ဒီသစ်တော ဦးစီးဌာနကဘာမှအရာမရောက်ပါဘူး။ စစ်သားတွေ ကိုယ်တိုင် စစ်တပ်တွေ ဗိုလ်ချူပ်ကြီးတွေပဲခုတ်နေတာ။ သစ်တောအရာရှိတွေက ဘာမှလုပ်ခွင့်မရှိပါဘူး။ အမှန်တော့သစ်တော အရာရှိတွေဆိုတာဟာ မြန်မာနိုင်ငံမှာ အမည်ခံသက်သက်လောက်ပဲရှိပါတယ် ဟုဆို၏။
သစ်ထုတ်ပိုင်ခွင့်ကို သစ်လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများမှ တာဝန်ယူထုတ်လုပ်ပေးနိုင်သည့် ပမာဏအပေါ်မှာ မူတည်ပြီး သက်ဆိုင်ရာကိုတင်ပြထားရပါမည်။ သို့မှသာလျှင် သစ်ထုတ်ရာသီအမီ ကြေညာ ပေးနိုင်မည်ဟု သစ်ထုတ်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးမှဆိုပါသည်။ သို့သော်လည်း တကယ်တမ်းချပေးမည်ဆိုလျှင် စစ်အုပ်စုနှင့် အစေးကပ်သည့် ကုမ္ပဏီတွေကသာ လုပ်ကွက်ကောင်းတွေရနိုင်ပြီး တခြားကုမ္ပဏီများအတွက် ထူးထူးခြားခြား အကျိုးရှိမှာမဟုတ်ဟု သစ်ထုတ်ကုမ္ပဏီတခုရဲ့မန်နေဂျာတစ်ဦးက အခုလိုပြောပါသည်။
သစ်ထုတ်လုပ်မှုကို ပုဂ္ဂလိကကိုပိုပြီးတော့ တိုးမြင့်မယ်ပြောတာဘဲ။ ဒါပေမဲ့ကျွန်တော်တို့လို ကုမ္ပဏီ ငယ်တွေကျတော့ တိုးဖို့သိပ်မလွယ်ဘူးလေ။ အဲဒီမှာ သက်ဆိုင်ရာတွေနဲ့ နီးစပ်မှုရှိနေတဲ့ ကိုတေဇတို့ ပေါ့နော် ထူးကုမ္ပဏီတွေကဘဲရဖို့ အလားအလာများပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီငယ်တွေကျတော့ သူတို့ရဲ့မလုပ်တဲ့အကွက်တွေပေါ့နော် အဲတာကျွန်တော်တို့ နားလည်မှုယူပြီးတော့ လုပ်တဲ့အပိုင်းတော့ ရှိတယ်။ ပြီးတော့ အခုလိုဒီသစ်ထုတ်လုပ်မှုပေးတာလဲ ကျွန်တော်တို့ ကုမ္ပဏီငယ်တွေ အတွက်တော့ ထိရောက်မှုတော့သိပ်မရှိပါဘူး။ သက်ဆိုင်ရာတွေနဲ့နီးနီးကပ်ကပ်ရှိတဲ့ ကုမ္ပဏီတွေဘဲ ပိုပြီးတော့ အကျိုးရှိမှာပါဟုပြောပါသည်။
လက်ရှိမြန်မာ့သစ်လုပ်ငန်းနှင့် တွဲဖက်ပြီးသစ်ထုတ်လုပ်နေသည့် ပုဂ္ဂလိကကုမ္ပဏီများမှာ ထူးထရေးဒင်း ကုမ္ပဏီ၊ တင်ဝင်းထွန်းကုမ္ပဏီ၊ မိုမင်တန်ကုမ္ပဏီ၊ ဝုဒ်ဝေါလ်၊ စိန်သန်းဦး၊ မြတ်နိုးသူအစရှိသည့် ကုမ္ပဏီကြီးများအပါအဝင် သစ်လုပ်ငန်းပေါင်း (၆ဝ) ဝန်းကျင်ရှိသည်ဟုဆိုပါသည်။ (၂ဝဝ၉) (၂ဝ၁ဝ)ဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက သစ်လုပ်ငန်း ရှင်တွေကို သစ်ထုတ်လုပ်ခွင့်ပေးမယ်ဆိုလျှင် လက်ရှိလုပ်ငန်းရှင်(၆ဝ) ကိုသာ အဓိကလုပ်ကိုင်ခွင့် ပေးဖွယ်ရာရှိ သည်ဟုဆိုသော်လည်း စစ်အစိုးရအကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အပေးအယူမျှသည့် ထူးထရေးဒင်း ကုမ္ပဏီက ဦးတေဇတို့သာ ရနိုင်ခြေများသည်ဟု သစ်လုပ်ငန်းရှင်တစ်ဦးမှ ပြောပါသည်။