ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများအတွက် မြန်မာ- ထိုင်း နှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ် အနေနှင့် တရားဝင် လုပ်သားများ ဖြစ်ရေးအတွက် ဆောင်ရွက်ရာတွင် ယခင် သတ်မှတ်ရက်ဖြစ်သော (၂ဝ၁ဝ) ဖေဖော်ဝါရီလ(၂၈)ရက်အထိ နောက်ဆုံးထား သတ်မှတ်ခဲ့ရာမှ ယခုတဖန် သက်တမ်း(၂)နှစ် ထပ်မံ တိုးမြှင့်ပေးလိုက်သည်ဟု ထိုင်းနိုင်ငံ စတိတ်မီဒီယာများမှ ထုတ်ပြန်ထားပါသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် တရားဝင်မှတ်ပုံတင်ခြင်းလုပ်ငန်းကို ဇူလိုင်လ (၁) ရက် နေ့မှ သြဂုတ်လ(၂၉)ရက်နေ့အထိ သတ်မှတ်ထားခဲ့ရာမှ ခရီးရက်ရှည်ထွက်နေရသည့် ရေလုပ်ငန်း မြန်မာရွှေ့ ပြောင်းလုပ်သားများအတွက် သတ်မှတ်ရက်ကို စက်တင်ဘာလ(၃ဝ)ရက်နေ့အထိ ရက်တိုးမြှင့်ပေးခဲ့သည်။
တဖန်သတ်မှတ်ရက်ကို ထပ်မံတိုးမြှင့် ဆောင်ရွက်ပေးခဲ့ရာမှ (၂ဝ၁ဝ)ဖေဖော်ဝါရီလ(၂၈ )ရက်အထိ နောက်ဆုံး ထား၍ ဆောင်ရွက်ကြရန် ထပ်မံတိုးမြှင့်ခဲ့ပြီး ယခု နောက်ဆုံး တွင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်ရန်အတွက် သက်တမ်း(၂)နှစ်ထပ်မံတိုးမြှင့်ပေးလိုက်ကြောင်း ထိုင်းနိုင်ငံ စတိတ်မီဒီယာများမှ ဖေါ်ပြချက်များအရသိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ တရားဝင်မှတ်ပုံတင်ခြင်းဖြစ်စဉ်နှင့်ပက်သက်၍ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ၏ အထွေထွေအတွင်းရေးမှူး ကိုမိုးဆွေကို ဆက်သွယ်မေးမြန်းခဲ့ရာတွင် ယခုလိုရှင်းပြခဲ့ပါသည်။
“ ကျွန်တော်တို့ကြားတဲ့သတင်းအရကဆိုရင်တော့ ဒီထိုင်းအစိုးရတရားဝင်ပေါ့နော်ပြောတာပေါ့ ဆိုတော့ စတိတ် မန်းတော့ သူတို့ တရားဝင်မထုတ်သေးဘူး။ ဒါပေမယ့် သူတို့စတိတ်မီဒီယာတွေကနေဆိုပြီးတော့ သူတို့ပြောတဲ့ စကားတွေရှိတယ်။ အဲဒီပြောတာက ၂ဝ၁ဝ ဖေဖော်ဝါရီလ နောက်ဆုံးထားပြီးတော့ ပြီးခဲ့တဲ့ နှစ်ထဲကနေပြီးတော့ နိုင်ငံသားစိစစ်ပြီးတော့ အဲဒီပတ်စပို့လုပ်ထားတဲ့လူတွေ အခုဆိုလုပ်ပြီးသွားတဲ့ လူတွေရှိတယ်။ အဲဒီလူတွေကို(၂) နှစ်အလုပ်လုပ်ခွင့် ဝေါ့ပါမစ်(၂)နှစ် သက်တမ်း နှစ်ကြိမ် ပေါ့။ သူတို့ခွင့်ပြုမယ်။ နောက်တစ်ခုက နိုင်ငံသားစိစစ်ရေး လက်မှတ်ကို လျှောက်ထားပြီးတော့့ လောလောဆယ်မှာတော့ ပတ်စပို့မရသေးတဲ့လူတွေ စောင့်ဆိုင်းနေတဲ့ လူတွေ ကိုတော့ တစ်နှစ်သက်တမ်းတိုးပေးမယ်ဆိုပြီးတော့ ကြေငြာထားတယ်။”
မြန်မာ-ထိုင်းနယ်စပ် မြို့ဖြစ်သော တာချီလိတ်၊ မြဝတီ၊ ကော့သောင်းမြို့တို့၌ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေး ရေးစခန်းများကို ဖွင့်လှစ်ထားပြီးဖြစ်သည်။ ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ မယ်ဆိုင်၊ မဲဆောက်၊ ရနောင်းမြို့တို့၌ ဆက်ဆံ ရေးရုံးများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။ အဆိုပါယာယီနိုင်ငံကူးလက်မှတ် လုပ်ခြင်း အားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးတွေကို ကိုမိုးဆွေမှယခုလိုပြောပါ သည်။
“ အကျိုးကျေးဇူးအနေနဲ့က ထိုင်းအစိုးရအနေနဲ့ကပြောနေတာတော့ ယာယီနိုင်ငံကူးလက်မှတ် ကိုယ်နဲ့လာပြီး အလုပ်လုပ်မယ်ဆိုရင် သူတို့အနေနဲ့ လေးနှစ်ပေါ့နော်။ အာမခံထားတယ်ဆိုတဲ့သဘောမျိုး သက်ရောက်တယ်။ နောက်တစ်ခုက လက်မှတ်ရှိတဲ့အတွက် ခရီးသွားလာခွင့်ရမယ်လို့ သူတို့ပြောတယ်။ နောက်တတိယအချက်အနေ နဲ့ကတော့ ဒီထိုင်းနိုင်ငံမှာရှိနေတဲ့အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ တန်းတူပေါ့နော် အကျိုးခံစားခွင့်ရှိမယ်ဆိုပြီး တော့ ပြောထားတာရှိပါတယ်။”
ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက် မြန်မာစစ်အစိုးရမှ ပွဲစားအေးဂျင့်များကို လွှဲပေးထားသောကြောင့် အလုပ် သမားတွေအတွက် စရိတ်ကြီးလေးနေသည်ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ကိုမိုးဆွေမှ ဆက်လက်ပြောဆိုခဲ့ပါသည်။
“ တရားဝင် ဒီထိုင်းအလုပ်သမားရုံးကနေတဆင့် လျှောက်ယူတဲ့အခါမှာဆိုရင် အချိန်အရမ်းကြန့်ကြာတဲ့အတွက် ပွဲစား ဗမာအစိုးရကနေပြီးတော့ ဒီအသိအမှတ်ပြုထားတဲ့ ဒီအေးဂျင်းတွေနဲ့ လုပ်ရတဲ့အတွက် တရားဝင်ကျမယ့် ဘတ်( ၆ဝဝ)အစား လမ်းစရိတ်အပါအဝင် (၂ဝဝဝ )လောက်ပဲ ကျမယ့်အစား ဘတ် (၅ဝဝဝ) ကနေပြီးတော့ (၆ဝဝဝ) အထိပေးလိုက်ရတယ်။ ငွေကြေးကုန်ကျမှုတွေ အရမ်းများသွားတယ်။”
အခြေခံအားဖြင့်တော့ နိုင်ငံကူးလက်မှတ်လုပ်သည်မှာ ကောင်းမွန်သည်ဆိုသော်လည်း လက်တွေ့မှာမူ နှစ်နိုင်ငံ အစိုးရများမှ အလုပ်သမားများအပေါ် ကာကွယ်ပေးမှု အကူအညီပေးမှု အားနည်းနေသည့်အတွက် အလုပ်သမား များအတွက် နစိနာသည့်အပိုင်းလည်း ရှိနေသေးသည်ဟု ဆိုသည်။
“ အခုဗမာနိုင်ငံသားပတ်စပို့ကို ကိုင်ပြီးတော့လာတဲ့အလုပ််သမားတွေကို အခုကျွန်တော်တို့စပြီး ကြားနေရတာက အလုပ်ရှင်တွေကနေပြီတော့ ဒီပတ်စပို့ကို သိမ်းထား တယ်။ တစ်နှစ်တိတိသူတို့ဆီမှာ အလုပ်လုပ်ကြရမယ်ပြောပြီး တော့ ပတ်စပို့ကိုသိမ်းထားပြီးတော့ သူတို့ပေးချင်တဲ့နှုံးလောက််ပဲ ပေးတယ်။ အဲဒီလို ပေးတဲ့အခါမှာ မြန်မာသံရုံးကို အကြောင်းကြားတဲ့အခါမှာ မြန်မာသံရုံးက ဘာမှဆောင်ရွက်ပေးတာ မရှိဘူးဖြစ်နေတယ်။”
မြန်မာရွှေ့ပြောင်းလုပ်သားများသည် ထိုင်းနိုင်ငံအတွင်း၌ အလုပ်သမားမှတ်ပုံတင်ဖြင့် တရားဝင် အလုပ်လုပ်ကိုင် နေသူဦးရေ လေးသိန်းကျော်ခန့်ရှိမည်ဟုသိရပြီး မှတ်ပုံတင်ထားနိုင်ခြင်းမရှိသေးသည့် အရေအတွက်မှာ ခုနစ်သိန်း နီးပါးခန့်ရှိကြောင်း သိရသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွေ့ပြောင်း အလုပ်သမားအရေအတွက်မှာ နှစ်သန်းလောက် ရှိသည်ဟု ထုတ်ပြန် ထားပါသည်။