ကရင်ပြဿနာအား မြိုင်ကြီးငူ ဆရာတော် ဦးဆောင်ဖြေရှင်းပေးရန် KNU မှ စာရေးပေးပို့

ကရင်ပြဿနာအား မြိုင်ကြီးငူ ဆရာတော် ဦးဆောင်ဖြေရှင်းပေးရန် KNU မှ စာရေးပေးပို့
မိဘပြည်သူတို့၏ဘဝ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ရာတွင် ဆရာတော်မှ ဆန္ဒပြုခြင်းထက် ဦးဆောင်မှုအခဏ်းမှ ပါဝင် ဆောင်ရွက်သင့်ကြောင်း ကရင်အမျိုးသား အစည်းအရုံး ...

ကောင်းဝါ(အောက်တိုဘာ-၁၃)။    ။ မိဘပြည်သူတို့၏ဘဝ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ရာတွင် ဆရာတော်မှ ဆန္ဒပြုခြင်းထက် ဦးဆောင်မှုအခဏ်းမှ ပါဝင်ဆောင်ရွက်သင့်ကြောင်း ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာ ခရိုင်ဥက္ကဌ စောရွှေမောင်းက မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇနထံ ယခုလ ၃ ရက်နေ့စွဲဖြင့်ရေးသားပေးပို့ခဲ့သည့် မိတ္တူစာတစ်စောင် လက်ခံရရှိခဲ့သည်။

KNU,DKBA နှစ်ဖက်တပ်ဖွဲ့တို့သည် ဖြစ်ပေါ်ခဲ့သောအတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူကြ၍ သင်ပုန်းချေကြ ကာ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ နှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းသွားကြရန် စက်တင်ဘာလ၂၉ ရက်နေ့က မြိုင်ကြီးငူဆရာတော်ဘဒ္ဒန္တသုဇန ထုတ်ပြန်ခဲ့သော ပန်ကြားချက်ထွက်ပေါ်လာပြီးနောက် KNU မှတရားဝင်ထုတ်ပြန်ချက်ဟု သိရသည်။

အတိတ်မှဆိုးကျိုးကို သင်္ခန်းစာယူအပြန်အလှန်သင်ပုန်းချေ၊ သီးခံခွင့်လွှတ်ကြကာ မတူညီတာတွေကို တူညီမှုရ လာသည်အထိ တွေ့ဆုံညှိနှုုိင်းကာ ပြဿနာ၏ အဖြေရှာဖွေသည့်နည်းလမ်းကို အစဉ်လက်ခံနေကြောင်း စောရွှေ မောင်း၏ ပေးစာတွင်ရေးသားဖေါ်ပြထားပါသည်။

“ဒီစာကတပ်မဟာ ၆ ရဲ့အမြင်ဆိုပေမယ့် KNU ဗဟိုရဲ့အမြင်လည်းဖြစ်ပါတယ်” ဟု ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗဒိုစောထဲနေနှင့် တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့ပါသည်။

ဗဒိုစောထဲနေက “အခုအချိန်ထိ ကျနော်တို့နဲ့ ဒီကေဘီအေတပ်ဖွဲ့တွေ ထိပ်တိုက်မဖြစ်ကြအောင်ရှောင်ရှား နေကြပါတယ်၊ ဒါပေမဲ့ နအဖတပ်ကိုတော့ ပြောက်ကျားနည်းနဲ့ချေမှုန်းနေတာ သူတို့အတော်လေး အထိနာခဲ့တယ်” ဟု ဆက်လက်ပြောကြားပါသည်။

ဒီကေဘီအေထိပ်ပိုင်းခေါင်းဆောင်များ နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲရေးကို နအဖထံကတိပေးထားပြီးဖြစ်သည်။ နအဖလက်မခံနိုင်သော လုပ်ရပ်ဖြစ်နေသဖြင့် KNU နှင့် DKBA နှစ်ဖက်အပစ်အခတ်ရပ်စဲလုပ်နိုင်ရန်မှာ မလွယ်ကူ သောကိစ္စရပ်တစ်ခု ဖြစ်နေသည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

KNU မှ မြိုင်ကြီးငူဆရာတော်ထံ ရေးသား ပေးပို့သောစာ

Most read this week