အရှေ့တောင်တိုင်း လက်အောက်ခံ တပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု

အရှေ့တောင်တိုင်း လက်အောက်ခံ တပ်ရင်းအချို့အား ပေါ်တာဆွဲခွင့်ပြု
ကရင်ပြည်နယ်အတွင်း အနန်းကွင်းအခြေစိုက် ရတခစစ်ဗျူဟာ(၂) လက်အောက်ခံတပ်ရင်းအချို့အား စစ်ဆင်ရေးအတွက် အရပ်သားများကို ပေါ်တာအဖြစ် အသုံးပြုလိုပါ ...

ကန်ချနပူရီ(စက်တင်ဘာ)။    ။ ကရင်ပြည်နယ်အတွင်း အနန်းကွင်းအခြေစိုက် ရတခစစ်ဗျူဟာ(၂) လက်အောက်ခံတပ်ရင်းအချို့အား စစ်ဆင်ရေးအတွက် အရပ်သားများကို ပေါ်တာအဖြစ် အသုံးပြုလိုပါက ပေါ်တာအသုံးခွင့်ပြုကြောင်း အမိန့်တစ်ရပ်ကို ယခုရက်ပိုင်းအတွင်း ညွှန်ကြားထားသည်ဟု အမည်မဖေါ်လိုသော မြန်မာစစ်အရာရှိတစ်ဦးထံမှ သိခဲ့ရသည်။

အကြုံးဝင်သော တပ်ရင်းများမှာ ခလရ ၁၀၆၊ ခလရ ၂၇၅၊ ခမရ ၂၈၃၊ ခမရ ၂၃၅၊ ၃၅၆ တို့ဖြစ်ပြီး သံဖြူဇရပ်- ဘုရားသုံးဆူမြို့မော်တော်ကားလမ်းတလျှောက် ဒုတိယကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဂျပန်တို့ ချွေးတပ်ဆွဲ၍သေမင်းတမန် မီးရထားလမ်းဖေါက်လုပ်ခဲ့သောဒေသတွင် လက်ရှိလှုပ်ရှားလျှက်ရှိကြသည်။ DKBA နှင့်မြန်မာစစ်အစိုးရပူးပေါင်းကာ KNU တပ်မဟာ ၆ ၏အစိတ်အပိုင်းဒေသတစ်ခုကို ထိုးစစ်ဆင်နေသည်။

တပ်မဟာ ၆ ဘုရားသုံးဆူဒေသ ထိုးစစ်များအတွင်း KNU ပြောက်ကျားပစ်ခတ်မှုများတွင် မြန်မာတပ်ဖွဲ့များသာ ထိခိုက်ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိပြီးDKBA တပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုများမရှိခဲ့၍ ကျဆုံးဒဏ်ရာများ မရှိခဲ့သေးပါ။

နအဖစစ်အစိုးရသည် အတင်းအဓမ္မအလုပ်စေခိုင်းခြင်းမပြုလုပ်ရန် အမိန့် ၁/၉၉ ကိုထုတ်ပြန်ထားပြီး ကျူးလွန်သူများအား အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားခဲ့သည်။၂၀၀၇ ခုနှစ်မှစပြီး အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILOနှင့်လည်း ယနေ့တိုင် ပူးပေါင်ဆောင်ရွက်လျှက် ရှိသည်ဟု မြန်မာအစိုးရသတင်းစာများတွင် ဖေါ်ပြနေသည်။

ယခင်ကာလများ၌ မြန်မာတပ်ဖွဲ့များပေါ်တာဆွဲခြင်းမှာ အစိုးရကတရားဝင်ခွင့်ပြုထားသလိုဖြစ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်ခြင်း၊ ငြိမ်းချမ်းရေးပြုလုပ်ခဲ့နောက်ပိုင်း ဒေသအချို့၌ မြန်မာအစိုးရတပ်ဖွဲ့များ ပေါ်တာဆွဲခြင်းကို ဗြောင်ကျကျမလုပ်ရဲကြတော့ပေ။

ပေါ်တာဆွဲခြင်းဖြင့် သက်ဆိုင်ရာကာယကံရှင်များထံမှ ငွေရယူခြင်း၊ အဖိုးတန်လက်ဝတ်ရတနာများကို သိမ်းယူခြင်းတို့ကို မြန်မာတပ်ဖွဲ့ဝင်တို့ ထင်သလိုပြုလုပ်ခွင့် ရရှိသည်။ မြန်မာအစိုးရတပ်ဖွဲ့တို့၏ ခေတ်သစ်ပြန်ပေးဆွဲနည်းတစ်ရပ်သာ ဖြစ်သည်ဟု တိုင်းရင်းသားတို့ ရှုမြင်ကြသည်။

မြန်မာအစိုးရတပ်ဖွဲ့ပေါ်တာဆွဲခြင်းမှာ မြို့ကြီးများတွင် ဖြစ်ခဲလေ့ရှိပြီး အထူးသဖြင့် တိုင်းရင်းသားနယ်မြေဒေသများတွင်သာ ပြုလုပ်ခဲ့သည်ကို ကြုံတွေ့ခဲ့ကြ၏။

ပေါ်တာဆွဲခြင်းမှာ ယခင်က “ချွေးတပ်ဆွဲ” သည်ဟု မြန်မာလိုပြောဆိုသုံးနှုံးခဲ့ကြပြီး အင်္ဂလိပ်ဘာသာမှ အထမ်းသမားကို Porter ကိုအသံဖလှယ်ကာ ပေါ်တာဟု မြန်မာမှုပြု ပြောဆိုလာသည်။ မြန်မာတပ်ဖွဲ့များအချင်းချင်း အခေါ်အဝေါ်မှာ ဝန်ထမ်းဟု သုံနှုံးကြသည်။

မြန်မာနိုင်ငံတွင် ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံ၊ ကန်ချနပူရီနှင့် သံဖြူဇရပ်မြို့သို့ ဆက်သွယ်နိုင်ရန် မီးရထားလမ်းဖေါက်လုပ်ခဲ့စဉ်၌ မြန်မာချွေးတပ်သား အများအပြားသေဆုံးခဲ့မှုမှာ ကမ္ဘာကျော်ခဲ့သော ဖြစ်ရပ်အဖြစ် အမည်တွင်နေခဲ့သည်။

Most read this week