စံခလပူရီ(စက်တင်ဘာ-၂၅)။ ။ ဘုရားသုံးဆူမြို့မှ အနန်းကွင်းရွာဖက်သို့အပြန် မဲဇလီရွာအနီး၌ ယမန်နေ့နံနက် တွင် ခမရ ၃၅၆စစ်ကြောင်း ၂ ကို KNUမှခြုံခိုတိုက်ခိုက်ခဲ့ရာ မြန်မာတပ်ကြပ်တစ်ဦး ပေါင်တွင်သေနတ်မှန် ဒဏ်ရာ ရရှိခဲ့သည်ဟု KNU တပ်မဟာ ၆ ပြောခွင့်ရ ဗဒိုစောထဲနေက ပြောပါသည်။
တိုက်ခိုက်မှုမှာ ခဏတာမျှကြာမြင့်ပြီး မြန်မာစစ်အစိုးရတပ်ဖွဲ့ဝင်မှ တပ်ကြပ်ကျော်သူနိုင် ဒဏ်ရာအပြင်းအထန်ရရှိ ခဲ့သည်ဟု သိရသည်။
KNLA တပ်ရင်း ၁၆၊ တပ်ခွဲ ၂၊ တပ်ကြပ်ကြီး စောထီးထော့ ဦးစီးပြီး အဆိုပါနအဖစစ်ကြောင်းကို တိုက်ခိုက်ခဲ့သည် ဟု KNU ပြောခွင့်ရက ဆိုသည်။
ထွက်ပြေးလွတ်မြောက်လာသော ပေါ်တာတစ်ဦးအဆိုအရ ယင်းမြန်မာနအဖစစ်ကြောင်းသည် သံဖြူဇရပ်- ဘုရားသုံးဆူ သေမင်းတမန်တောင်ကြား ကားလမ်းမအတိုင်း မသွားဝံ့၍ တောင်ထိပ်လမ်းများကို မြေပုံကြည့်ပြီး သွားကြရသည်ဟုဆိုပါသည်။
စက်တင်ဘာလ ၂၄ ရက်နေ့၌ ကရင်ပြည်နယ်၊ သင်ကန်းညီနောင်မှ အင်အား ၄၀ ခန့်ရှိ ခမရ ၃၅၅ စစ်ကြောင်း ဘုရားသုံးဆူမြို့ဒေသသို့ အစားထိုးရောက်ရှိလာပြီး ဤဒေသ၌သုံးလခန့်လှုပ်ရှားနေခဲ့သော ခမရ ၃၅၆ စစ်ကြောင်း မိခင်တပ်ရင်းသို့နောက်တန်းအပြန်ခရီးဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ပြောဆိုနေကြသည်။
ယင်းခမရ ၃၅၆ စစ်ကြောင်းသည် ယခုလ ၁၃ ရက်နေ့၌ ချောင်းဆုံးရွာ လှေဂိတ်အနီး KNU ရှေ့ထွက်မိုင်းဒဏ် ကြောင့် နအဖစစ်သား ၅ ဦးပွဲချင်းပြီးကျဆုံးခဲ့သည်၊ ကျန်ထိခိုက်သူ စစ်သား ၈ ဦးအနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန် ပြီးနောက်ပိုင်းတွင် သေဆုံးသွားသည်ဟု စစ်တပ်အသိုင်းအဝိုနှင့်နီးစပ်သော စီပွားရေးသမားအချို့က ပြောကြား ခဲ့သည်။
ထိုမတိုင်မီတစ်ရက်အလို စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်း ယင်းခမရ ၃၅၆ စစ်ကြောင်းသည် အပလုံရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးသေ၊ ရဲဘော်တစ်ဦးဒဏ်ရာရခဲ့သည်။
ဒုရင်းမှူးဗိုလ်မှူး အောင်မိုးမြင့်ဦးစီးသော ယင်းခမရ ၃၅၆ သည် ဘုရားသုံးဆူဒေသသို့ စတင်လာရောက်စဉ် အင်အား ၅၀ ခန့်ရှိပြီး ယခုတွင် ၄၀ ခန့်သာကျန်ရှိသည်ဟု မျက်မြင်များရေတွက်မှုအရ သိရသည်။
စက်တင်ဘာလ ၁၃ က်နေ့တွင် KNU တို့ တိုက်ခိုက်လိုက်သောမိုင်းမှာ လုံးဝမထင်မှတ်နိုင်သောနေရာ၌ ဖြစ်ပေါ်ခဲ့၍ အရာရှိများပေါ့လျော့မှုကြောင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က ယူဆသဖြင့် ခမရ ၃၅၆ ဒုရင်းမှူး အရေးယူခံရဖွယ် ရှိသည်ဟု အကဲခတ်များပြောဆိုနေကြ၏။
သင်ကန်းညီနောင်အခြေစိုက် စကခ ၁၂ လက်အောက်ခံ ၄င်းနအဖခြေမြန်တပ်ဖွဲ့များသည် ဘုရားသုံးဆူဒေသရှိ DKBA တပ်ဖွဲ့ဝင်များ KNU တပ်မဟာ၆ ကို ဖြိုခွင်းနိုင်ရန် နောက်မှဝန်းရံပေးသော မြန်မာစစ်အစိုးရတပ်ဖွဲ့များ ဖြစ်ကြသည်။