စံခလပူရီ (စက်တင်ဘာ- ၁၅) ဦးဖုန်ကြားရှင်ဦးဆောင်သောကိုးကန် ့ အဖွဲ့အပေါ် စစ်ရေးအရထိုးစစ်ဆင်ခဲ့သော လုပ်ရပ်များသည် တခြားအပစ် ရပ်အဖွဲ့များ အတွက်စိုးရိမ်စရာ ဖြစ်နေကြောင်း မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာအား လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင် ဆက်သွယ်မေးမြန်း ခဲ့ရာ၌ ယခုကဲ့သို့ သတိပေး ပြောဆိုခဲ့ပါသည်။
“အဲဒီလိုလုပ်လိုက်တာဟာ ကျန်တဲ့အဖွဲ့တွေရဲ့အပေါ် မှာလည်း အဲဒီလိုဆက်လုပ်ဘို့ အစီအစဉ်မျိုးဖြစ်လာ နိုင်တယ် လို့ ကျွန်တော် ခန့်မှန်းမိတယ်ဗျ။ အဲဒီအတွက်လည်း အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့ဝင်တိုင်းက သတိရှိကြဖို့ ကျွန်တော်က အကြံပေးလိုပါတယ် တိုက်တွန်းလိုပါတယ်” ဟုပြောဆိုခဲ့သည်။
စစ်အစိုးရအနေနှင့်၄င်းတို့၏ဆန္ဒကို လိုက်လျောမှုမရှိသော အပစ်ရပ်အဖွဲ့များအား ခြိမ်းခြောက်အကြပ်ကိုင်သောနည်း၊ သပ်သျှိုဖြိုခွဲသောနည်း စစ်ရေးအရ တိုက်ခိုက်သောနည်းဗျူဟာများနှင့် ဖိအားပေးအကြပ်ကိုင်နေလာနေသည်ကို တွေ့ရှိရသည်။
ဆက်လက်၍ “ပြည်တွင်းစစ်အစီအစဉ်ကြောင့် ကျွန်တော်တို့နိုင်ငံဟာ ဒီလိုမွဲလာရတယ်။ ဒီလိုလူအခွင့် အရေးဆုံးရှုံး နေရတယ်။ အဲဒါကို ဒီကနေ့အထိအနှစ်(၆ဝ)ကျော် သင်ခန်းစာမရယူနိုင်ဘဲနဲ့ အဲဒီပုံစံ အတိုင်းဆက်လုပ်သွားမယ် ဆိုရင် ကျွန်တော်တို့နိုင်ငံက ပြည်တွင်းကနေ နှုတ်ထွက်ပြီးတော့မှ ဟိုနိမ့်ကျ ဒုက္ခရောက်သွားမှုကိုဘဲလို့ ကျွန်တော် ကအဲလိုမြင်တယ် ဒါကြောင့် ဒီအခြေအနေအပေါ်မှာ နိုင်ငံရေးအရ အသိပညာရှိတဲ့ပုဂ္ဂိုလ်များပေါ့ဗျာ။ အမြန်ထိန်း သိမ်းနိုင်ဖို့ရော နိုင်ငံတကာအနေနဲ့လည်း ဒီကိစ္စက နိုင်ငံတ ကာအရေးကိုပါ ကိုက်ညီတဲ့ကိစ္စဖြစ်နေတော့ နိုင်ငံတကာ နဲ့ ပါဝင်ဆောင်ရွက်ပေးဖို့ အဲလိုကူညီဆောင်ရွက် ပေးခြင်းအားဖြင့်ပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေရဲ့ဒုက္ခတွေကို ကယ်တင်နိုင်ပါလိမ့်မယ်။ တကယ်အ ကောင်းဆုံးအစီအစဉ်ကိုလည်း ကျွန်တော်တို့အချိန်မှီစီစဉ် ပြောင်းလဲနိုင်ပါ လိမ့်မယ်” ဟု နိုင်ဟံသာက တိုက်တွန်းပြောဆိုခဲ့သည်။
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရတိုက်တွန်းထားသော နယ်ခြားစောင့်တပ်ဖွဲ့အသွင်ကိုလက်မခံ၊ ဌာနေပြည်သူ့စစ် အသွင်ကိုလည်း ငြင်းပယ်ထားဆဲ ဖြစ်သည်။
အကယ်၍ စစ်အစိုးရမှ ပါတီကိုဖျက်သိမ်းခိုင်းခြင်း၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ကိုဖျက်သိမ်းခိုင်းခြင်း၊ ပါတီ၏အခြေခံဒေသများအပေါ်ကျူးကျော် မှုပြုခဲ့လျှင် တည်ဆောက်ထားသောငြိမ်းချမ်းရေးပျက်ပြယ်သွားမည်ဟု ၂၀၀၉ နှစ်စကကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီညီလာခံမှ ဆုံးဖြတ်ထားသည်။
မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စဦးဆောင်သော ထိပ်ပိုင်းခေါင်းဆောင်တချို့သည် သြဂုတ်လ(၂၈)ရက် နေ့တွင် အရှေ့တောင်တိုင်း တိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မော်လမြိုင်မြို့မှာတွေ့ဆုံခဲ့ရာ၌ ထူးခြားမှုမရှိဟု အတွင်းရေးမှူး နိုင်ဟံသာမှပြောဆိုခဲ့သည်။
သို့သော်လည်း မွန်ပြည်သစ်ပါတီကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းရန် စည်းရုံးနားမသွင်းနိုင်သော ဗိုလ်ချုပ် သက်နိုင်ဝင်းကို နေပြည်တော်ဌာနချုပ်က အပြစ်တင်နေ သောကြောင့် ရှေ့ဆက်တွင် အကြပ်ကိုင်မှု၊ ဖိအားပေးမှုများ ပို၍တွေ့လာနိုင်သည်ဟုလည်း အမည်မဖေါ်လိုသူ ဗဟိုကော်မီတီတစ်ဦး ပြောဆိုခဲ့ပါသည် ။