စံခလပူရီ(စက်တင်ဘာ- ၂)။ ။ မွန်ပြည်သစ်ပါတီ အတွင်းရေးမှူး နိုင်ဟံသာအား အကြမ်းဖက်အဖွဲ့ တစ်ဖွဲ့အတွင်း ပါဝင်နေသည်ဟု မွန်ပြည်နယ်၊ ကျိုက်မရောနှင့် မုဒုံမြို့နယ် မယကများမှ သက်ဆိုင်ရာ ရယကများထံ သြဂုတ်လ ဆန်းပိုင်းအတွင်းက ပေးပို့ခဲ့သည့် ညွှန်ကြားစာတစ်စောင်တွင် ဖေါ်ပြခဲ့သည်မှာ ရဲအထူးသတင်းတပ်ဖွဲ့ SB တို့၏အစီ ရင်ခံမှုအရ ထိုသို့ဖြစ်ပေါ်ခဲ့ရကြောင်း မော်လမြိုင်မြို့ရှိ စရဖအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ဆိုပါသည်။
အဆိုပါပြောကြားချက်မှာ မြန်မာအာဏာပိုင်များက မွန်ပြည်သစ်ပါတီသို့ တရားဝင် ပြောကြားချက် မဟုတ်ဟု အဆိုပါ အရာရှိက ဆိုသည်။“အလ္လာပ သလ္လာပစကား ပြောယင်း သူတို့ကဒီလိုပြောလာတာပါ၊ စရဖအပေါ် အပြစ်ပုံလာ မှာ စိုးလို့ အခြားဌာနအပေါ် ပုံချတာလည်းဖြစ်နိုင်တယ်၊ စရဖ မသိဘဲ ဘယ်မယကမှဒီလိုညွှန်ကြားစာကို ထုတ်လို့ရ မှာမဟုတ်ပါဘူး” ဟု အဆိုပါအရာရှိက သုံးသပ်ပြ၏။
လူထုအုံကြွမှု ဖြစ်လာနိုင်သည့် နေ့ရက်ကြီးများတွင် အောက်ခြေအရပ်ဖက်ဝန်ထမ်းများ အလုပ်တွင်ဗျာများနေစေရန် စစ်အာဏာပိုင်များ ညွှန်ကြားချက်ထုတ်လေ့ရှိသည်ဟု မော်လမြိုင်မြို့ရှိ မွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးတွင် တာဝန်ယူခဲ့ဖူးသူ ဗိုလ်မှူးတစ်ဦးက ဤကဲ့သို့ပြောဆိုခဲ့သည်။
“မော်လမြိုင်မှာ ကျနော်တာဝန်ကျခဲ့စဉ်က အဲရက်ကြီးအခါကြီးတွေမရောက်ခင် ဘယ်အဖွဲ့က ဘယ်သူတွေ၊ ဘယ် လမ်းကြောင်းက ဆင်းလာတယ်၊ ဗုံးတွေဘာတွေပါတယ်ဆိုပြီး လှို့ဝှက်၊ ကန့်သတ်တိုနဲ့ အာဏာပိုင်တွေက အောက် ခြေတွေကို ညွှန်ကြားတော့တာပါဘဲ၊ ခင်ဗျားပဲတွေးကြည့်လေ ဒီလောက်အန္တရာယ်ကြီးမားတဲ့အလုပ် ရက်ပိုင်းလ ပိုင်းဘဲ လာရောက်ပြီး ဘယ်လိုလူတွေက ဝင်လုပ်ရဲမလဲ၊ တစ်ခါတစ်လေ ဟိုအဖွဲ့ဒီအဖွဲ့လို့ အမည်အမျိုးမျိုး တပ်နေ တာ တကယ်ရှိတာလည်းမဟုတ်ပါဘူး” ဟု အဆိုပါဗိုလ်မှူးက ပြောပါသည်။
မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာ၏အဆိုအရ အဆိုပါအကြမ်းဖက်အဖွဲ့အစည်းတွင် သူပါဝင်ပတ်သက်နေ သည်ဟူသော စွပ်စွဲချက်ကို သက်ဆိုရာ စစ်အာဏာပိုင်များမေးမြန်ခဲ့ရာတွင် အောက်ခြေအဆင့်မှ ပြုလုပ်သည့်အ တွက် ၄င်းတို့အနေဖြင့် အတည်မပြုကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု ဆိုသည်။
လွန်ခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့တွင် မွန်ပြည်သစ်ပါတီခေါင်းဆောင်အချို့နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်မှူးတို့ နယ်ခြားစောင့်တပ်ဖွဲ့ကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့၌ နောက်ဆုံးတွေဆုံမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည် ဟု မွန်ပြည်သစ်ပါတီဗဟိုမှ ပြောကြားခဲ့သည်။