စံခလပူရီ ဇူလိုင်-၂၄ ။ ။ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်၌ နှစ်နိုင်ငံနယ်စပ်အာဏာပိုင်များ ဝက်တုတ်ကွေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကြောင့် ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသော မြန်မာကျောင်းသားများ အခက်အခဲများစွာ ရင်ဆိုင်နေကြရကြောင်း မေးမြန်ချက်များအရ သိရှိရသည်။
မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှနေ၍ ကီလိုမီတာ ၂၀ ခန့်သာဝေးသော ထိုင်းနိုင်ငံစံခလပူရီမြို့ အထက်တန်းကျောင်းသို့ ကျောင်းလာတက်နေသူ မင်းမွန်စိုက်က “ထိုင်းဘက်ကိုကျောင်းလာတက်တဲ့ ကျောင်းသားတွေ ဘုရားသုံးဆူမြို့အိမ်ကို မပြန်ကြရတော့တာ ၃ ရက်လောက်ရှိပြီ၊ ဒီစံခလက မွန်ဘက်ကမ်းက အသိအိမ်တွေမှာလိုက်နေကြရတယ်၊ သုံးဆူကိုပြန်ရင် ထိုင်းဘက်ကို ကျောင်းလာမတက်ရတော့ဘူး” ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့မှ ကျောင်းသား ၅၀ ဦ်းကျော်ခန့် ကျောင်းကြိုပို့ကားများဖြင့် စံခလပူရြီံမို့ရှိ၊ ထိုင်းအထက်တန်းကျောင်း၌ နေ့စဉ်ကျောင်းတက်နေကြသည်။
ထိုင်းန်ိုင်ငံဘုရားသုံးဆူရွာနှင့် မြန်မာနိုင်ငံဘုရားသုံးဆူမြို့ကို ပိုင်းခြားထားသော နယ်ခြားဂိတ်လမ်းကြောင်းကို ပိတ်ထားပြီး ထိုင်းအာဏာပိုင်တို့က ဘုရားသုံးဆူရွာ၊ အမှတ် ၂ လမ်းသွယ်မှမလွယ်ပေါက်တစ်ခုကို ဖွင့်လှစ်ပေးကာ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ထိုင်းကျန်းမာရေးဌာနမှ တစ်ဦးချင်းဆေးစစ်စမ်းသပ်မှုများ ယနေ့နံနက်စောစောမှ စတင်ပြုလုပ်လာသည်ကို တွေ့ရှိရသည်။
ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်လာသူများကို တန်းစီပြီးတစ်ဦးချင်းစစ်ဆေးရသဖြင့် အလုပ်သမားများစွာ အလုပ်ခွင်သို့ အဝင်နောက်ကျခဲ့ကြောင်း သိရသည်။ အဖျားရှိသူများကိုသာ မြန်မာနယ်မြေဖက်သို့ ပြန်ခိုင်းစေပြီး ဆေးစစ်ဆေးပြီးသူများကို လက်ဖျံတို့တွင် တဆိပ်မှင်ဖြင့် အမှတ်အသားပြုထားသည်။ မြန်မာနိုင်ငံမှ ဤကဲ့သို့နေ့စဉ်အသွားအပြန် ဝင်ရောက်လာသူများကို ထိုင်းအာဏာပိုင်များမှ ငွေကြေးကောက်ခံမှုများ တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။
ဘုရားသုံးဆူရွာ(ထိုင်း)၌ အထည်ချုပ်စက်ရုံများရှိကာ နေ့စဉ်မြန်မာနိူင်ငံမှ အလုပ်သမား တစ်ထောင်ကျော်ခန့် ဝင်ရောက်အလုပ် လုပ်ကိုင်နေကြသည်။ တရားဝင်အလုပ်သမားများ မဟုတ်ကြသော်လည်း နယ်စပ်ဖြစ်နေသဖြင့် ယင်းအလုပ်သမားတို့ နေ့စဉ်ဝင်ထွက်သွားလာမှုများကို ထိုင်းအဏာပိုင်များ အနှောက်အယှက် တစုံတရာမပြုကြပေ။
သို့ရာတွင် ဘုရားသုံးဆူမြို့ပေါ်သို့ ထိုင်းနိုင်ငံမှ ဝင်ရောက်လာကြသည့် ဒေသခံမဟုတ်သူများ၊ မျက်နှာစိမ်းများကို မြန်မာအာဏာပိုင်များ ဝင်ရောက်ခွင့်မပြုတော့ကြောင်း မြို့ခံတစ်ယောက်က ပြောဆိုခဲ့သည်။ အထူးသဖြင့် စံခလပူရီတွင် နေထိုင်နေသူများကို လာရောက်ခွင့်မပြုဟု သတင်းများပေါ်ထွက်နေသော်လည်း ဘုရားသုံးဆူမြို့ပေါ်သို့ နေ့စဉ်ဝင်ထွက်ကာ လာရောက်စီးပွားရှာလုပ်ကိုင်နေသူများ အသွားအလာ မပျက်ကြပေ။မြန်မာအာဏာပိုင်များ၏ အကြောင်းပြချက်မှာ စံခလပူရီမြို့တွင် ယခင်အပတ်က ဝက်တုတ်ကွေးရောဂါရှိနေသူကို တွေ့ရှိခဲ့ခြင်းကြောင့်ဟု ဆိုကြသည်။
လွန်ခဲ့သော ဇူလိုင်လ ၁၇ ရက်နေ့က ဝက်တုတ်ကွေးရောဂါ A(H1 N1) လက္ခဏာဖြစ်ပေါ်မှု စတင်တွေ့ရှိခဲ့သူနှင့် နီးစပ်သူများကို စံခလပူရီဆေးရုံကြီးတွင် သီးသန့်ထား၍ ပြုစုစောင့်ရှောက်ထားခဲ့ရာ အခြေအနေကောင်းမွန်နေကြသော်လည်း သတ်မှတ်ကာလမပြည့်သေးသဖြင့် ဆေးရုံ၌သာ ဆက်လက်ထားရှိသည်။
အဆိုပါဝက်တုတ်ကွေးရောဂါနှင့်ပတ်သက်၍ ထိုင်းနိုင်ငံစံခလပူရီမြို့နယ်တွင် ပညာပေးမှုများတိုး၍ ပြုလုပ်နေသလို မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့တွင်လည်း မြန်မာအာဏာပိုင်များ ပညာပေးမှုများပြုလုပ်ခဲ့ကြသည်။ သို့သော် ဒေသခံဗမာ၊ မွန်နှင်ကရင် တိုင်းရင်းသားတို့ကြားတွင် ရောကူးစက်ပုံကို သေသေချာချာမသိကြသေးကြောင်းနှင့် လွဲမှားစွာသိနေကြကြောင်း မေးမြန်းချက်များအရ သိရသည်။ ဝက်များတွင်အဆိုပါ တုတ်ကွေးရောဂါဖြစ်ပွားနေပြီး ၄င်းဝက်သားစားသုံးမိခြင်းကြောင့် ရောဂါဖြစ်ပွားရသည်ဟု အများကထင်မြင်နေကြဆဲဖြစ်သည်။
ဤရောဂါသည် လူအချင်းချင်း၊ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ခံရသောရောဂါဖြစ်သည်။