အပစ်ရပ်ကာလတွင် အကြီးစားစီမံကိန်းများ ရပ်တန့်ရန် ကရင်နီအမျိုးသမီး အဖွဲ့များ တောင်းဆို

အပစ်ရပ်ကာလတွင် အကြီးစားစီမံကိန်းများ ရပ်တန့်ရန် ကရင်နီအမျိုးသမီး အဖွဲ့များ တောင်းဆို
by -
ကန္တာရဝတီတိုင်းမ်

ကယား(ကရင်နီ)ပြည်နယ် အပစ်အခတ်ရပ်စဲရေးကာလတွင် နိုင်ငံရေးပဋိပက္ခမဖြေရှင်းနိုင်သေးသ၍ အကြီးစားစီမံကိန်းများကို ရပ်တန့်ပေးရန်အတွက် ကရင်နီအမျိုးသမီးအဖွဲ့များက အစိုးရထံတင်ပြတောင်း ဆိုလိုက်သည်ဟု ကရင်နီအမျိုးသမီးအစည်းအရုံမှ မအားမူထူးက ဒီဇင်ဘာလ ၁၄ ရက်နေ့ အမျိုးသမီးများပါဝင်လှုပ်ရှားမှုအခန်းကဏ္ဍ ဆွေးနွေးပွဲတွင်ပြောဆိုသွားသည်။

မအားမူထူးက “အပစ်ခက်ရပ်စဲရေးလုပ်ပြီးတဲ့ နောက်ပိုင်းမှာ အကြီးစားစီမံကိန်းတွေပဲ လာတာကို တွေ့နေရ တယ်ပေါ့နော် ဆိုတော့ ဒီနိုင်ငံရေးပြဿနာ ဖြေရှင်းဖို့ တစ်စုံတစ်ရာ မရှိဘဲ ဒီစီမံကိန်းတွေကို ရပ်တန့်ထားရ မယ်ဆိုတဲ့ အကြောင်းအရာတွေ ပါတယ်” ဟု ပြောသည်။

ကရင်နီပြည်အတွင်းရေးတွင် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲကို လွိုင်ကော်မြို့ လွိုင်ကော်ဟိုတယ်တွင် ဒီဇင်ဘာလ ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပြီးနောက် ယခုလို တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် အမျိုးသမီးနှင့် နိုင်ငံရေး၊ အမျိုးသမီးနှင့်ပညာရေး၊ အမျိုးသမီးနှင့် ကျန်းမာရေး၊ သဘာဝပတ်ဝန်း ကျင်၊ ငြိမ်းချမ်းရေး စသည့် ခေါင်းစဉ်ကြီးငါး ခုအား ဆွေးနွေးခဲ့ပြီး အဓိက တောင်းဆိုချက်များအား အိပ်ဖွင့်ပေးစားအဖြစ် ကယားပြည်နယ် ဝန်ကြီးချုပ်နှင့်တကွ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ ထံပေးပို့ခဲ့ကြောင်းသိရသည်။

အိပ်ဖွင့်ပေးစာတွင် အဓိက အပစ်အခတ်ရပ်စဲရေးကာလတွင် တိုင်းရင်းသားဒေသဘက်ရှိ နိုင်ငံရေးပြဿများ ပဋိပက္ခများအား ဦးစွာဖြေရှင်းပေးရန် လိုအပ်နေကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း အသုံးစာရိတ် တိုးမြင့်ထားသင့်ကြောင်း တောင်းဆိုထားသည်ဟု သိရသည်။

စီမံကိန်းများနှင့်ပတ်သက်၍ ကယားပြည်နယ်အတွင်းတွင် ရွာသစ်ရေအားလျှပ်စစ်စီမံကိန်း၊ ဘိလပ်မြေစက်ရုံ စီမံကိန်းများ ရှိနေသည့်အပြင် ခဲသတ္တုတူးဖော်ရေးစီမံကိန်းများက ပစ်ခတ်ရပ်စဲရေးကာလတွင် ပိုမိုများပြား လာခဲ့သည်ဟု သိရသည်။

အကြီးစားစီမံကိန်းများကို ပစ်ခတ်ရပ်စဲရေးကာလအတွင်းတွင် ရပ်ဆိုင်းထားရန် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ KNPP နှင့် အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီချက်များတွင် အချက်တချက်အဖြစ် ပါရှိထားပြီးဖြစ်သည်။

အကြီးစားရွာသစ်ရေအားလျှှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိကြောင်း လူထုများက ပြောဆိုနေကြရာ လက်ရှိအခြေအနေထိတွင် သုတေသနပြုလုပ်သည့် အဆင့်သာရှိသေးကြောင်း လူထုများ၏ သဘောထားဆန္ဒကိုသာ ကောက်ယူသွားမည်ဖြစ်ကြောင်းကို ဝန်ကြီးချူပ် ဦးခင်မောင်ဦးက ဘော်လခဲမြို့မှ အစိုးရအဖွဲ့နှင့်တွေ့ဆုံပွဲကျင်းပခဲ့သည့် အောက်တိုဘာလ အတွင်းတွင် ပြောကြားခဲ့သည်ဟု သိရသည်။

ကယားပြည်နယ် တွင်းရှိ မြို့နယ် ကြံုတွေ့နေရသည့် အခက်အခဲများကို Women Safe House နှင့် အခြားအမျိုးသမီး အဖွဲ့အစည်းများက နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ (၁၆)ရက်တာ လှုပ်ရှာမှုများအနေဖြင့် မြို့နယ် ၄ မြို့နယ်အတွင်းရှိ အချက်လက်များ အခက်ခဲများ၊ တောင်ဆိုချက်များအား သွားရောက် ကောက်ယူခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

Most read this week