စခန်းတွင်းရှိ မူးယစ်သေစာ (အရက်၊ဆေးလိပ်) သောက်စားသူ လူငယ်များ လျော့ကျရေးအတွက် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ် ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ တွင် အပတ်စဉ်တနင်္လာနေ့ တိုင်း လူငယ်များ စွမ်းရည်မြင့်တင်ရေး သင်တန်းတရပ်ကို အမျိုးသမီးငယ်များ အလုပ်ကိုင်ရရှိရေး စီမံကိန်း Girls Employment Project (GEP) မှ ပြုလုပ်ပေးနေကြောင်းသိရသည်။
“ဒီစခန်းမှာအများအားဖြင့်လေလွင့်နေတဲ့သူတွေရှိတာပေ့ါနောရပ်ကွက်တိုင်းမှာကောင်လေး.. ယောက်ျားလေး တွေကအရက်သောက်၊ မူးယစ်သောက်စား၊ ကျောင်းမတက်၊ ရန်ဖြစ်၊ အဲလိုမျိုးပေ့ါနော သူတို့စိတ်များ လေမလွင့်အောင်ပေ့ါနော သူတို့ကိုစည်းရုံးတဲ့အနေနဲ့ ဒီစီမံကိန်းကိုဖွင့်ခြင်းဖြစ်တာပေ့ါနော” ဟု GEP တာဝန်ခံ ဆရာမ အယ်ဗလုမှူး ကပြောသည်။
ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဆယ်ကျော်သက်အမျိုးသားလူငယ် များသည် စခန်းပြင်ပသို့ ထွက်ခွာခွင့် မရှိခြင်း၊ အလုပ်အကိုင် မရှိခြင်းတို့ကြောင့် စိတ်ထွက်ပေါက်မရှိသည့်အတွက် မူးယစ်သောက်စား၊ ရန်ဖြစ်ကာ ပတ်ဝန်းကျင်၏ အသိမှတ်ပြုမှုဆုံးရှုံး လာရကြောင်း ၎င်းကဆက်ပြောသည်။
“သူတို့ အရင်တုန်းက သင်တန်းမတက်ခင် ကဆို သူတို့က နာမည်ကျော်တွေပေါ့နော။ နာမည်ကြီးတဲ့လူတွေ အရက်သမားအဖွဲ့ လူဆိုးအဖွဲ့ လူတွေအဖွဲ့၊ ဒါပေမဲ့ကျမတို့သင်တန်းမှာလာခြင်းအားဖြင့်တော့ တအားတော့ ပြောင်းလဲ လာတာတော့ မဟုတ်သေးဘူးပေါ့.. ။အနည်းအကျဉ်းပဲ” ဟု ဆရာမအယ်ဗလုမှူးကဆိုသည်။
၎င်းသင်တန်းကို အပတ်စဉ် တနင်္လာနေ့တိုင်း ပြုလုပ်ပေးပြီး ၎င်းသင်တန်းတွင် လူတစ်ဦး၏စံတန်ဖိုး၊ မျိုးဆက်ပွားကျန်းမာရေး. ဆိုင်ရာ ပညာပေး ကဏ္ဍ အပြင် လူငယ်များဆန္ဒအရ ဂီတာ နှင့် ဒရမ် တီးခတ်ခြင်းများ နှင့် အားကစားအပိုင်းတွင် ချစ်ကြည်ရေး ဘောလုံးပွဲများကို ဦးဆောင် ကျင်းပ ပေးနေမှုများ လည်း ရှိကြောင်းသိရသည်။
“အခုသူတို့သင်ကြားပေးတာလက်တွေ့လည်းလုပ်ခဲ့တယ်။ ပြီးစာတွေရေးပြီးတက်ရှင်းတယ်။ ပြီးကျနော်တို့ ကြာကြာတက်ရှင်းတဲ့အခါ ကျနော်ရဲရင့်လာတယ်ပေ့ါ။ ပြီးပွင့်ပွင့်လင်းလင်းပြောဆိုတတ်တယ်။ .. မရှက်မကြောက် နဲ့ ကျနော်တို့ကိုရှင်းပြတယ်။ ပြီးတော့ အဲလိုမျိုးဖြစ်တဲ့အခါမှာကျနော်တို့ကရဲရင့်လာတယ်။ ပြီးပူးပေါင်းပါဝင်မှုဆိုတာရှိလာတယ်ပြီးတော့ သတ္တိရှိလာတယ်ပေ့ါ” ဟုသင်တန်းသား ဟဲဒိုထူး သူတို့၏ တိုးတက်မှုများကို ရှင်းပြသည်။
စခန်းတွင်း ၁၈ နှစ်အောက် ဆယ်ကျော်သက်များတွင် မူးယစ်သေစာ (အရက်၊ဆေးလိပ်) သုံးစွဲသူ များစွာရှိ နေပြီး ယခုသင်တန်းမှလက်ခံထားသော ၁၈ နှစ်အောက် လူငယ် ၃၀ ဦးတွင် မူးယစ်သေစာ မသုံးစွဲသူ တစ်ဦးသာပါရှိကြောင်း ဆရာမ အယ်ဗလုမှူးအဆိုအရသိရသည်။
GEP မှ ဦးဆောင်ကာ စခန်းတွင်းရှိ ၁၈ နှစ်အောက်အမျိုးသမီးငယ်များ၊ အရွက်မရောက်မီ အိမ်ထောင်ကျ သွားသော အမျိုးသမီးငယ်များ အတွက် စွမ်းရည်မြင့်တင်ရေး သင်တန်းများ ကို ပြီးခဲ့သည် ၃ နှစ်မှစ၍ စတင်ပို့ချလာခဲ့ကြောင်းသိရသည်။
ယခု ပထမဆုံးအကြိမ်အဖြစ်စခန်းတွင်း ၁၈ နှစ်အောက် အမျိုးသားလူငယ်များ ကို စွမ်းရည်မြင့်တင်ရေး သင်တန်းပေးခြင်းဖြစ်ပြီး သင်တန်းကာလ ၃လတာ ကြာညောင်းပြီဖြစ်ပြီး တိုးတက်မှုအနည်းငယ်ရှီလာကြောင်း ဆရာမအယ်ဗလုမှူးးထံမှသိရသည်။