အလုပ်လက်မဲ့လူငယ်များ အလုပ်ရရှိနိုင်ရေး ကြံ့ခိုင်ရေးပါတီသို့ တင်ပြ

အလုပ်လက်မဲ့လူငယ်များ အလုပ်ရရှိနိုင်ရေး ကြံ့ခိုင်ရေးပါတီသို့ တင်ပြ
by -
ကန္တာရဝတီတိုင်း(မ်)

အလုပ်လက်မဲ့ လူငယ်များ အလုပ်ရရှိနိုင်ရေးအတွက် ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှ လူငယ်များက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ ယနေ့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပသည့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်တွင် တင်ပြတောင်းဆိုလိုက်သည်ဟု သိရသည်။

ကယားပြည်နယ်အတွင်း အလုပ်လက်မဲ့ဖြစ်နေသည့်သူများအတွက် စက်မှုလက်မှုလုပ်ငန်း ပညာရပ်များ၊ လက်သမားလုပ်ငန်းပညာများ၊ အိမ်တွင်းမှုပညာရပ်များကို သင်ကြား ပို့ချပေးစေလိုကြောင်း တင်ပြခဲ့သည်ဟု လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာနေ ဒေါ်ဝင်းဝင်းမော်က ပြောသည်။

labour-permit

 “ကျမတို့ရွာမှာပေါနော် ဆယ်တန်းမအောင်သေးတဲ့ ကလေးတွေရှိတယ်လေ။ ဆယ်တန်းကျတဲ့ ကလေးတွေက သူတို့အတွက်ကို တင်ပြပေးပါပေါနော်။ ကျမတို့ကို လက်မှုပညာတွေ သင်ပေးမယ်လို့ရှိတယ်လေ။ အဲအတွက် အပ်ချုပ်စက်တို့ဘာတို့ အိမ်တွင်းမှုလေးကိုသင်ပေးပါလို့ ကျမ တင်ပြတာပါ။ အမျိုးသားတွေအတွက်ကျတော့ တောင်ယာတွေလုပ်ပြီး လက်သမားလုပ်တဲ့လူတွေပဲ ရှိတယ်လေ။ သစ်၊ ၀ါး တွေက ရှားတော အလုပ်လက်မဲ့ တွေဖြစ်နေတာတွေများတယ် လူငယ်လေးတွေက”ဟု ဒေါ်ဝင်းဝင်းမော်က ပြောသည်။

ယခုကဲ့သို့ ဖိုရမ် ကျင်းပပြုလုပ်ရခြင်းသည် ကယားပြည်နယ် ကြံ့ခိုင်းရေးပါတီနှင့် ဒေသခံပြည်သူများ ပေါင်းစည်းဖော်ဆောင်ရန်၊ မျိူးဆက်သစ် လူငယ်/မောင်မယ်များ၏ အခန်းကဏ္ဍကိုဖော်ဆောင်ပေးရန် နှင့် ပါတီ၏ လှုပ်ရှားမှုတွင် လူငယ်ပါ၀င်လာရန် တို့ဖြစ်သည် ဟု ကယားပြည်နယ် ကြံ့ခိုင်ရေးပါတီမှ ကော်မတီဝင် ဦးမော်ရယ် ကပြောသည်။

“အဓိက ကတော ပွင့်လင်းမြင်သာမှု ရှိလာတာနဲ့ အတူ လူငယ်လူရွယ်များ၊ အလွှာအသီးသီးက တောင်သူလယ် သမား၊နောက် အလုပ်သမား၊ လူငယ်၊ အမျိုးသမီးတွေလည်း ပါတယ်။ အခုကျနော်တို့ ပြည်နယ်၊ ဒေသမှာဘာတွေလိုအပ်နေလဲ အဲဒါကိုကျနော်တို့ ညှိနိုင်း၊ ဆွေးနွေး အဖြေရှာပြီးတော့ ဒါတွေကို ကျနော်တို့ ရှေ့ လုပ်ငန်းစဉ်တခုအနေနဲ့ ကျနော်တို့ချမှတ်မှာ ဖြစ်ပါတယ်” ဟု ဦးမော်ရယ်က ပြောသည်။

ဒေါနိုးကူးကျေးရွာမှ ဦးပလျားရယ်က တောင်သူလယ်သမား အဓိကရင်ဆိုင်နေရသည့် ရေအခက်ခဲတင်ပြခဲ့ ကြောင်း၊ အလုပ်သမားဖိုရမ်မှ တက်ရောက်သူ အမည်မဖော်လိုသူတစ်ဦးက ရပ်ကွက်ထဲမှာ ဖြစ်ပျက်နေသည့် မြောင်း အမိုက် ပြသာနာ အသီးသီးကိုတင်ပြခဲ့ကြောင်း သိရသည်။

လူငယ်များ၊ တောင်သူများဆွေးနွေးတင်ပြသွားသည့် အချက်များကို ရှေ့ဆက်လုပ်ငန်းစဉ်များ အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုရမ် ကို စက်တင်ဘာလ ၁၈ ရက် နေ့မှစ၍ နှစ်ရက်တိုင်် ကျင်းပသွားပြီး လွိုင်ကော်မြို့နယ်တွင်းရှိ ကျေးရွာများမှ ပါတီဝင် ၉၀ ဦးကတက်ရောက်ခဲ့ကြသည်ဟုသိရသည်။ ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ် တို့တွင် ၎င်းဖိုရမ်ကဲ့သို့ ကျင်းပသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

Most read this week