ငွေကြေးမတတ်နိုင်သူ ကျောင်းသူကျောင်းသားများအတွက် NLD မှ အခမဲ့ ကျူရှင် သင်ကြားပေး

ငွေကြေးမတတ်နိုင်သူ ကျောင်းသူကျောင်းသားများအတွက် NLD မှ အခမဲ့ ကျူရှင် သင်ကြားပေး
by -
ကန္တာရဝတီတိုင်း(မ်)

ငွေကြေးမတတ်နိုင်သူ ကျောင်းသူကျောင်းသားများအား အခြား ပြည့်စုံသော ကျောင်းသူ ကျောင်းသားများနည်းတူ ကျောင်းပြင်ပ စာသင်ကြားမှု (ကျူရှင်) များကို သင်ကြားပေးသည့် အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းကို ကယားပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြီးခဲ့သော စက်တင်ဘာ(၇)ရက်နေ့ နာနတ်တော ပန်းသီရိဒေါ ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဆင်းရဲတဲ့ကလေးတွေ ပညာမသင်နိုင်တဲ့ ကလေးတွေကို စာသင်နိုင်အောင် ပိုက်ဆံမကုန်ပဲနဲ့ ကိုယ့်ရဲ့ပညာရေးကို အဖက်ဖက်က ပြည့်စုံနိုင်လောက်အောင် ရည်ရွယ်ပြီးတော့မှ သင်ပေးတာပါ” ဟု ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာခင်စည်သူက ဆိုသည်။

လက်ရှိမြန်မာနိုင်ငံပညာရေးသည် စာသင်ကျောင်း တွင် သင်ကြားသော သင်ခန်းစာတခုတည်း မဟုတ်ပဲ ကျောင်းပြင်ပ တွင်သင်ကြားသော ကျူရှင်ချိန် သင်ခန်းစာများပါ အဓိကအားထား နေရသည့် အခြေအနေတွင် ရှိနေသေးကြောင်း ၎င်းက ဆက်ဆိုသည်။

“ကျူရှင်ဆိုတာကလည်း အခုခေတ်အခုအနေအထားမှာ ကျောင်းတိုင်းကလည်း ကျူရှင်မယူရင် စာမတတ်သလိုဖြစ်တယ်။ ကျောင်းမှာ လည်း အားရစွာ သင်ကြားမှုမရှိဘူး။ လူများတာလည်း ဖြစ်ရင်ဖြစ်မှာပေ့ါ။ ဆိုတော့ ထပ်သင်ရအောင်က ပိုက်ဆံရှိတဲ့လူတွေကတော့ သင်ပေးနိုင်တာပေ့ါ” ဟု ပြောသွားသည်။

ယင်းသို့ ကျောင်းစာသင်ချိန်များနှင့် မလုံလောက်သောကြောင့် ချို့တဲ့သော ကျောင်းသူ ကျောင်းသားများအတွက် အမေ့အိမ် ပညာဒါန အခမဲ့ကျောင်းမှ ကျောင်းစာသင်ချိန်ပြင်ပဖြစ်သည့် ညနေကျောင်းဆင်းချိန်များတွင် ကျူရှင်ကဲ့သို့ သင်ကြားပို့ချပေးကြောင်း သိရသည်။

“ခုလိုဖွင့်ပေးတာ ကောင်းတာပေ့ါ။ ဘာလို့လဲဆိုတော့ ရပ်ကွက်တွေမှာဆို ကျူရှင်မယူနိုင်တဲ့ ကလေးတွေအများကြီးရှိတယ်။ (၁၀၀) ရာခိုင်နှုန်းမှာ (၈၀)လောက်က ကျူရှင်မယူနိုင်ကြဘူးလေ။ အဲတော့ အခုလိုအခမဲ့ကျောင်းဖွင့်ပေးတာတော့ ကျူရှင်မယူနိုင်တဲ့ ကျောင်းသူ၊သားတွေအတွက် ရှေ့ဆက်ပညာရေးအတွက် အထောက်အကူ အများကြီးဖြစ်တာပေ့ါ” ဟု ပန်းသီရိဒေါရပ်ကွက်နေ ကိုအယ်နီ ကဆိုသည်။

လက်ရှိ တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့်သူများအတွက် ကျောင်းပြင်ပ စာသင်ချိန် တွင်သင်ကြားသည့် ကျူရှင်ကြေး (အဖိုးခ) မှာ လွိုင်ကော်မြို့တွင်းတွင် တလတာ အတွက် ဘာသာရပ်တခုလျှင် အနည်းဆုံး ကျပ်(၅၀၀၀) မှ အမြင့်ဆုံး ကျပ် (၁၀၀၀၀ ) အကြားတွင် ရှိနေကြောင်းသိရသည်။

အမေ့အိမ် အခမဲ့ ပညာဒါန ကျောင်းတွင် ကျောင်သူ၊သား (၆၀) ဦး နီးပါး တက်ရောက်လျက်ရှိပြီး NLD ပါတီဝင် ကျောင်းဆရာ၊ ဆရာမအချို့နှင့် ပင်စင်စား ဆရာသမားများမှ မေတ္တာဖြင့် လာရောက်သင်ကြား ပို့ချပေးနေကြောင်း သိရသည်။