ဖရူဆိုမြို့နယ်၊ ဆိုလျားကူးကျေးရွာ ရှိ (၅၃၁)တပ်ရင်းမှ သိမ်းယူထားသော မြေယာကိစ္စ အပေါ် အစိုးရမှ ဖြေရှင်းပေးနိုင်ခြင်း မရှိပါက ဆန္ဒပြတောင်းဆိုသွား မည်ဖြစ်ကြောင်း ဆိုလျားကူးအရေး ဦးဆောင်သူ ကိုတူရယ်က ပြောသည်။
၎င်းက “ကျနော်တို့က အခြေအနေကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။ မျက်ခြေမပြတ်ပေါ့ သူတို့ကဘယ်လို စကားပြောလာမလဲ သူတို့ဘက်ကနေ ဘယ်လိုတု့ံပြန်မှု ရှိလာမလဲ ပြီးတော့ နောက်ဆုံး အဆင့်တော့ မရတဲ့အဆုံး မှာတော့ ကျွန်တော်တို့ ဆန္ဒပြဖို့တော့ရှိတယ်״ ဟုပြောသည်။
တောင်များ ပတ်လည်ဝန်းရံထားသော ဆိုလျားကူရွာ၏ ပထဝီ အနေအထားအရ ရွာအရှေ့ဘက်တွင်သာ သီးနှံများ စိုက်ပျိုးကြရကြောင်းနှင့် ထိုမြေများကို တပ်မှသိမ်းယူသွားသဖြင့် စိုက်ပျိုးရန်မြေ မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။
ဆိုလျားကူးရွာ ရပ်မိရပ်ဖ ဦးဆူရယ်က “လူကြီးတွေ ကိုလည်း တင်ပြထားတယ်။ မလုပ်ပေးဘူး ဆိုရင်တော့ ကျွန်တော်တို့ ဆန္ဒပြဖို့ပဲ ရှိတော့တယ်။ ဘာမှလည်းမလုပ်နိုင်ဘူးလေ။ လူကြီးတွေ မြင်ဖို့ တွေ့ဖို့ ကျွန်တော်တို့ ဆန္ဒပြ မှရတော့မှာပဲ״ ဟုပြောသည်။
ဆိုလျားကူး မြေယာအရေး ဆောင်ရွက်ပေးနိုင်ရန်အတွက် အစိုးရဌာန ဆိုင်ရာများ၊ ရပ်ကျေးလယ်ယာ စီမံခွင့် ဆီသို့ စာတင်ထားပြီး ၁၅ ရက်အတွင်း ဖြေရှင်းပေးမှု မရရှိပါက မြို့နယ်၊ ခရိုင် ဗဟိုထိ တက်၍ တောင်းဆိုသွား မည် ဖြစ်ကြောင်း ကိုတူရယ်ကပြောသည်။
၎င်းက “လက်ရှိမှာ တပ်က မြောင်းတွေ လာတူးနေတာတွေရှိတယ် ဒါတွေက ဒေသခံတွေရဲ့မြေတွေ ဒေသခံတွေရဲ့ အသည်းနှလုံး ကိုတူးဆွ နေတာ အဲ့ဒါကို ဖြေရှင်းပေးဖို့ ကျနော် ပြည်နယ်အစိုးရတွေ ကိုလည်း တောင်းဆိုထားပါတယ်״ ဟုပြောသည်။
အဆိုပါ လယ်မြေများပေါ်တွင် မေလ ၂၇ ရက်နေ့က ဒေသခံ တောင်သူ ၃၀၀ ခန့် ချီတက်ကာ ထွန်တုံးတိုက်ပွဲ ဆင်နွဲပြီး သီးနှံများပြန်လည် စိုက်ပျိုးခဲ့သည်။
ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ခြင်းကြောင့် ဆိုလျားကူး တောင်သူ လေးဦး တရားစွဲဆိုခံထားရပြီး ထွန်တုံးတိုက်ပွဲတွင် ပါဝင်ခဲ့သူ တောင်သူ (၁၉၀) ကျော် စစ်ဆေးခံရကြောင်းသိရသည်။