ကယား(ကရင်နီ)ပြည်နယ် တပြည်နယ်လုံးနီးပါး လာမည့် စက်တင်ဘာလအတွင်းတွင် GSM ဖုန်းလိုင်းများကို အသုံးပြုနိုင်တော့မည်ဟု ပြည်နယ် ဆက်သွယ်ရေးမန်နေဂျာ ဦးသက်မော်က ကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။
ဦးသက်မော်က ̏ဇူလိုင် လလောက်မှာ ကျွန်တော်တို့ စက်တပ်ဆင်တဲ့အပိုင်းတွေ ပြီးလို့ သြဂုတ် သို့မဟုတ် စက်တင်ဘာနောက်ကျရင်တော့ စက်တင်ဘာပေါ့ သြဂုတ်လထဲတော့ အကိုတို့ ပေးနိုင်အောင် လျာထားပြီးတော့ လုပ်နေပါတယ်״ ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
ကယားပြည်နယ်တွင် အသစ်ပြုလုပ်နေသည့် ဆက်သွယ်ရေးမိုဘိုင်းတာဝါတိုင်စခန်းများကို ဇူလိုင်လအတွင်း အပြီးတပ်ဆင်သွားမည်ဖြစ်သည်ဟု ပြောသည်။
ကယားပြည်နယ်အတွင်း အသစ်တည်ဆောက်လျက်ရှိသော ဆက်သွယ်ရေးမိုဘိုင်းတာဝါတိုင်စခန်း ရခု မှာ လွိုင်ကော်မြို့ ပေါ်တွင် ခလရ(၅၄)တပ်ရင်း၊ နွားလဝိုးကယန်းသာယာရွာ၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့ များတွင် ပြုလုပ်ပြီး ရှားတောမြို့နယ် မပါဝင်သေးကြောင်း သိရသည်။
၄င်းစခန်း ရခုတွင် လွိုင်ကော်မြို့ ခလရ(၅၄) တပ်ရင်းတွင် တည်ဆောက်နေသည့် မိုဘိုင်းတိုင်တွင်W-CDMA၊ GSM နှစ်မျိုးစလုံးအသုံးပြု၍ ရရှိမှာဖြစ်ပြီး ကျန်နေရာ၆ ခု ရှိမိုဘိုင်းစခန်းများတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပေးသည့် GSM အမျိုးစား မိုဘိုင်းဖုန်းများကိုသာ အသုံးပြုနိုင်မှာ ဖြစ်သည်။
ဒီးမော့ဆိုဒေသခံဦးဟိန်းမင်းလက် က “အဓိကကတော့ သုံးရတဲ့သူတွေ အဆင်ပြေတာပဲလိုချင်တယ်လေ နောက်တစ်ခုက ဖုန်းလိုင်းကောင်းဖို့ပါပဲ G တိုင်ပဲထောင်ထောင် C တိုင်ပဲထောင်ထောင် ဝန်ဆောင်မှု ကောင်းတာပဲလိုချင်တယ်” ဟုပြောသည်။
ယခင်က CDMA-800MHZ မိုဘိုင်ဖုန်းများကိုဘောလခဲ၊ ဖားဆောင်း၊ မဲစဲမြို့နယ်များတွင် မြန်မာ့ ဆက်သွယ်ရေးမှ ဖြန့်ဝေခဲ့ကာ စက်ကိရိယာအခက်ခဲကြောင့် ဖုန်းလိုင်းများပိတ်ခဲ့ရပြီး ယခုအချိန်ထိ အော်တိုအိပ်ချိန်းဖြင့်သာ အသုံးပြုရသည်။
ယခုအခါ GSM တာဝါတိုင် စခန်းသစ်များတည်ဆောက်ပေးရာတွင် CDMA ဖုန်းများ အသုံးပြုခဲ့ကြသည့်သူများအတွက် CDMA ဖုန်းများပါ သုံးနိုင်ရန် ဆောင်ရွက်ပေးစေလိုကြောင်း ဘောလခဲမြို့မှ ဒေသခံတဦးဖြစ်သူက ပြောသည်။
ဘောလခဲဒေသခံတစ်ဦးက ̏အခုလိုလုပ်ပေးလိုက် ဝမ်းသာပါတယ် ဒါပေမယ့် ကျွန်တော်တို့ကျတော့ အရင်က CDMA-800ပဲ ရထားတာဆိုတော့ ဘယ်လိုသွားသုံးရမလဲပေါ့ ခုက G ပဲရမယ်ဆိုတော့ G မရှိဘဲ C တွေပဲရှိတဲ့သူ C ပဲဝယ်သုံးနိုင်တဲ့သူတွေကတော့ အခက်ခဲရှိတာပေါ” ဟု ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။
GSM ဖုန်းလိုင်းများကို လက်ရှိကယားပြည်နယ်အတွင်းတွင် လွိုင်ကော်မြို့တမြို့တည်းသာ အသုံးပြုနိုင်ပြီး ဒီးမော့ဆိုမြို့နယ်တွင် CDMA၊ ကျန်သည့်မြို့နယ်များတွင် အော်တိုအိတ်ချိန်းဖြင့်သာ အသုံးပြုရသဖြင့် ဆက်သွယ်ရေးခက်ခဲသည့် ပြည်နယ်ဖြစ်သည်။
ဆက်သွယ်ရေးစခန်းများပြုလုပ်နေမှုတွင် အဆောက်ဦးများမိုဘိုင်း တာဝါတိုင်စခန်းများကို ရာနှုန်းပြည့်နီးပါး တည်ဆောက်ပြီးနေပြီဖြစ်ပြီး စက်ပစ္စည်းကိရိယာများ တပ်ဆင်ရန်သာ လိုအပ်တော့ကြောင်း တပ်ဆင်ပြီးပါကစတင် အသုံးပြုနိုင်ပြီဖြစ်ပြီး ဆက်သွယ်ရေးခက်ခဲနေသည့် ဒေသများတွင် ယခင်ကထက် ပိုမိုလွယ်ကူလာတော့မည် ပြည်နယ် ဆက်သွယ်ရေးမန်နေဂျာ ဦးသက်မော်က ပြောသည်။