ကယားပြည်နယ်တွင် မူလတန်းကျောင်း ဆရာ/မများ မလုံလောက်သည့်အခက်ခဲရှိနေဆဲ

ကယားပြည်နယ်တွင် မူလတန်းကျောင်း ဆရာ/မများ မလုံလောက်သည့်အခက်ခဲရှိနေဆဲ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ပညာရေးဌာန မူလတန်းကျောင်းများ၌ နေ့စားလပေး ဆရာ/မများ၊ ဆွဲခန့်ဆရာ/မ များကို ခန့်အပ်ထားသော်လည်း ယခုအချိန်ထိ ကျောင်းဆရာ/မ မလုံလောက်သည့် ပြဿနာများရှိနေသည်ဟု ဒီးမော့ဆိုမြို့နယ် ကုန်းသာမူလတန်းကျောင်းအုပ် ဆရာမကြီး ဒေါ်လှအေးက ပြောသည်။

မူလတန်းကျောင်းတွင် အရေးကြီးသည့် သူငယ်တန်းကို ဆရာတစ်ယောက်တည်းသာ အပြီးတာဝန်ယူသင် ကြား သွားနိုင်မှသာလျှင် ကလေးများပညာရေးတွင် တိုးတက်မှု ရှိနိုင်ဖြစ်သည်ဟု ဆရာမဒေါ်လှအေးက မေလ ၂ရက်နေ့မှ ၁၀ ရက်နေ့အထိ ငွေတောင် အလယ်တန်းကျောင်းခွဲတွင် သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့သင်ကြားနိုင်ရေး သင်တန်းပေးချိန်် ပြောဆိုသွားခြင်းဖြစ်သည်။

“ဆရာတယောက်တည်း အပီ သင်သင့်တယ်။ အခုမလုံလောက်တော့ ကျောင်းအုပ်ကပါ ဝင်သင်ပေးနေရတော့ တခြားအလုပ်လည်းပျက်တယ်။ ကလေးတွေအတွက်လည်း မကောင်းဘူး” ဟု ပြောသည်။

ကျောင်းဆရာ/မ မလုံလောက်သည့် အတွက် သင်ကြားရေးတွင်လည်း အခက်အခဲရှိနေသည်ဟု ဒေါဗျာကူးရွာမှ ဆရာမဒေါ်ထေးဖောက ပြောသည်။

“ကျွန်မတို့ နှစ်ယောက်ပဲရှိတော့ စာသင်ပေးရတာ အခက်အခဲရှိတယ်။ ဒီကျောင်းဆို တစ်နှစ်ကျော်ပြီ ဆရာမတွေ နှစ်ယောက်ပဲရှိသေးတယ်။ အထက်မုာ တင်ပြပြီးပြီ အခုထိမကျလာသေးဘူး”ဟု ပြောသည်။

လက်ရှိတွင် ဒီးမော့မြို့နယ် ဒေါဗျာကူး ကျေးရွာ မူလတန်းကျောင်းတွင် ၅ တန်းထိရှိသော်လည်း ကျောင်းဆရာမနှစ်ဦးတည်းသာ ရှိသည့်အတွက် တနှစ်ပတ်လုံး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပြောသည်။

ယခုကဲ့သို့မလုံလောက်ခြင်းကြောင့်ကျောင်းများတွင် ကျောင်းအုပ်များက သင်ကြားရေးအပိုင်းတွင် ဝင်ပေးနေရ၍ အခြား အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးအပိုင်းတွင် နစ်နာမှုရှိလာကြောင်း ဆရာမဒေါ်လှအေးက ပြောဆိုခဲ့သည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းတွင် မူလတန်းကျောင်းပေါင်း ၁၂၆ ကျောင်းရှိသည့်အထဲ အများစုမှာ ထိုသို့  ဆရာ/မ မလုံလောက်သော အခက်ခဲရှိနေခြင်းဖြစ်ကြောင်းသိရသည်။

Most read this week