သင်ထောက်ကူများနှင့် လက်တွေ့သင်ကြားနိုင်ရန် ဆရာ/မများအား သင်တန်းပို့ချ

သင်ထောက်ကူများနှင့် လက်တွေ့သင်ကြားနိုင်ရန် ဆရာ/မများအား သင်တန်းပို့ချ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဒီးမောဆိုမြို့နယ် အတွင်းတွင်ရှိသော မူလတန်းကျောင်းမှ သူငယ်တန်း ကလေးငယ်များအား သင်ထောက်ကူ ပစ္စည်းများနှင့် လက်တွေ့ကျကျ သင်နိုင်ရေးအတွက် ဆရာ/မများအား သင်တန်းပို့ချပေးနေကြောင်းသိရသည်။

“တို့ကျောင်းမှာ အမှန်တကယ် လက်တွေ့သုံးလို့ရအောင်ပေါ့။ နောက် အရင်တုန်းကမပြည့်စုံတဲ့ လုပ်ငန်းရပ် တွေ ဆိုရင်လည်း ပိုပြီးပြည်စုံလာအောင် လွယ်လွယ်ကူကူနဲ့ ကလေးတွေကို သင်ထောက်ကူပစ္စည်းတွေနဲ့ သင်နိုင်အောင်၊ ကလေးတတ်မြောက်မှုရှိအောင် သင်ရိုးညွန်းတမ်းဖြစ်မြောက်အောင် ရည်ရွယ်ပြီးတော့ လုပ်ထားတာဖြစ်ပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် ကုန်းသာကျောင်းအုပ် ဆရာမ ဒေါ်လှအေး ကပြောပါသည်။

သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့သင်ကြားရေးနိုင်ရေး ဆရာ/မများအား သင်တန်းပို့ချပေးနေစဉ် (ဓါတ်ပုံ - အက်စတာ(ကေတီ)

သင်တန်းကို ဒီးမော့ဆိုမြို့နယ် ငွေတောင်အလယ်တန်းကျောင်းခွဲတွင် ဧပြီလ ၂ ရက်နေ့မှ ၁၀ ရက်နေ့အထိကျင်းပသွား ကြပြီး ၎င်းသင်တန်းကို အဓိက INGOs ဖြစ်သော Care Myanmar အဖွဲ့က ထောက်ပံ့ခြင်းဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ မူလတန်းကျောင်းပေါင်း ၄၅ ကျောင်းမှ သူငယ်တန်း အတန်းသင်ကြားရသည့် ဆရာ/မများက တက်ရောက်ကြပြီး ၎င်းတို့ကျောင်းထဲမှ နယ်စွန်နယ်ဖျားကျသော ကျောင်း ၂၀ ကျော်ကို သူငယ်တန်းကလေးငယ်များအတွက် သင်ထောက်ကူပစ္စည်းများ Care Myanmar ကထောက်ပံ့ပေးမည်ဟု သိရသည်။

သင်ထောက်ကူပစ္စည်းများဖြစ်သော စာအုပ်များ ၊အရုပ်များ၊ ဖြတ် ညှပ် ကတ်များ၊ ဖောက်စာလုံးများဖြင့် သင်တန်းတွင် သင်ကြားပေးခဲ့သည်ဟု သိရသည်။

ပညာရေးဌာနမှ မပေးနိုင်သည့် သင်ထောက်ကူပစ္စည်းများနှင့် နည်းပညာရပ်များကို တဖက်တလမ်းမှ ယခုကဲ့သို့ လက်တွေ့ကျကျသင်ကြားနိုင်ရန် ကူညီထောက်ပံ့ပေးခြင်းကြောင့် ကျောင်းသားများသည် ယခင်ကထက် ပို၍တိုးတက်မှု ရှိကြောင်းကိုလည်း ငွေတောင်အလယ်တန်းကျောင်းခွဲမှ ဆရာမဒေါ်ညွန့်ညွန့်စန်းက ယခုလို ပြောကြားခဲ့သည်။

“ကလေးတွေလည်း နည်းစနစ်သစ်တွေသင်ရတော့ သူတို့လည်း အရင်ကထက်စာရင် တော်တော်ကြီးကို တိုုးတက်လာပါတယ်။ မိဘတွေကလည်း တော်တော်နားလည်လာပါတယ် အရင်ကထက်စာရင်ပေါ့” ဟု ပြောသည်။

ကလေးဗဟိုပြု သင်ကြားနည်းများသည် Lesson plan များရေးဆွဲရသည့် အတွက် ခက်ခဲမှုများရှိကြောင်း ယခုသင်ကြားနည်းသည် လက်တွေ့အသုံးပြုနိုင်သည့် နည်းလမ်းကို သင်ကြားပေးခြင်းဖြစ်သည့်အတွက် ပိုမိုလွယ်ကူကြောင်း ဆရာမဒေါ်လှအေးက ပြောသည်။

ဤသင်တန်းသည် ဆရာများ၏ အသစ်သောနည်းလမ်းများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကလေးများရလွယ်သည့် သင်ကြားနည်းဖြစ်သည်ဟု ပြောသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းတွင် မူလတန်းကျောင်းပေါင်း ၁၂၆ ကျောင်းရှိသည့်အတွက် ယခုကဲ့သို့ သင်ထောက်ကူပစ္စည်းများနှင့် လက်တွေ့ကျကျသင်ကြားရေးအတွက် အကူအညီများစွာ လိုအပ်နေသေးသည်ဟု သိရသည်။

Most read this week