လယ်ယာမြေပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမှ တောင်သူလယ်သမားများကို မိုးဗြဲမှ အုပ်ချုပ်ရေးတာဝန်ရှိသူများက ခေါ်ပြီး ခွင့်ပြုချက်မ ရပဲ နှောင်တွင်ဆန္ဒမပြရန် ဝန်ခံကတိ လက်မှတ်ရေးထိုးခိုင်းကြောင်း ဆန္ဒပြပွဲတွင် ပါ၀င်ခဲ့သူတဦးဖြစ်သည့် ကိုအောင်မျိုးခန့်က ပြောသည်။
၁၉၉၂ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲတွင် ခ.မ.ရ (၄၂၂)သိမ်းဆီးထားခဲ့သည့် ယာမြေ ဧက(၁၅၀၀)ကို မတ်လ (၂၈)ရက် တွင် ယာမြေ ပြန်လည် ရရှိရေးအတွက် ဒုတိယအကြိမ် တောင်သူဦးရေ (၁၀၀၀) ကျော်က ဆန္ဒဖော်ထုတ် တောင်းဆို ခဲ့ကြရာ ခေါင်းဆောင်ပိုင်း (၁၁)ဦးကို မတ်လ ၃၁ ရက်နေ့တွင် အာဏာပိုင်များက လက်မှတ်ထိုးရန်ခေါ်တွေ့ခဲ့သည်ဟု သိရသည်။
“အဲဒီ ကတိ၀န်ခံချက်က နောက်နှောင်မလုပ်ဖို့သူတို့ ကတိ၀န်ခံချက် လက်မှတ်ထိုးခိုင်းတယ်လေ။ သူတို့က နောက်နှောင်မှာ တရားဥပဒေနဲ့မညီပဲ စီတန်းလှည့်လည်ခွင့်မပြုဖို့ပေ့ါနော်။ အဲလို ၀န်ခံကတိတောင်းလာတယ်။ ကျနော်တို့က တရားဥပဒေနဲ့ ညီအောင် ဆန္ဒပြခွင့် သွားလျှောက်တော့လည်း သူတို့ မပေးဘူးကော။ အဲတော့ အဲဒီလက်မှတ်လည်း ကျနော်တို့မထိုးနိုင်ဘူးလေ။”ဟု ကိုအောင်မျိုးခန့်က ပြောသည်။
သက်ဆိုင်ရာဌာနသို့ မတ်လ (၂၀) ရက်တွင် ခွင့်ပြုချက်စာ လျှောက်ထားခဲ့သော်လည်း မတ်လ (၂၅) တွင် ပယ်ဖျက်ခံခဲ့ရပြီး (၂၈) ရက်တွင် သက်ဆိုင်ရာကို ပြန်လည်အကြောင်းကြားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ယခုကဲ့သို့ ကတိဝန်ခံလက်မှတ်ကို တဦးတယောက်မျှ မထိုးကြသည့်အတွက့် ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟု သတင်းများထွက်ပေါ်သော်လည်း သိမ်းခံထားသော ယာမြေပြန်လည် ရရှိရေးအတွက် ဆက်လက်တောင်းဆိုသွားမည်ဟု လက်မှတ်ထိုးရာ ခေါ်တွေ့ခံထားရသူတစ်ဦးဖြစ်သော ဦးစိုးပိုင်က ပြောပါသည်။
“ဒါသူတို့အပိုင်းပေါ့နော်။ သူတို့ကဏ္ဍပေ့ါနော်။ ကျနော်တို့က အရေးယူတာ ဖြစ်ဖြစ် မယူတာ ဖြစ်ဖြစ် ကျနော်တို့က မြေယာ ပြန်လည်ရရှိရေးအတွက် ကျနော်တို့ က ဆက်လက်ပြီး တောင်းဆိုသွားမယ်။”
တပ်သိမ်းထားသည့်မြေသည် ခမရ(၄၂၂) တပ်ရင်း (လမ်းမကြီး)အရှေ့ အနောက် နှစ်အုပ်စု ခွဲခြားထားပြီး အနောက်ဖက် အုပ်စုသည် ၂၀၀၃ ခုနှစ်တွင် သက်ဆိုင်ရာ မိုးဗြဲပြည်သူ့စစ် နှစ်ရှည်ဥယျာဉ် စိုက်ခင်းများ ၊ အမျိုးသမီး ရေးရာ နှစ်ရှည် ဥယျာဉ်စိုက်ခင်းများ ၊ K.N.G အဖွဲ့နှစ်ရှည် ဥယျာဉ် စိုက်ခင်းများ ၊ ဆောက်လုပ်ရေး စိုက်ပျိုးမြေ နှစ်ရှည်စိုက်ခင်းများ၊ ပြည်ခိုင်ဖြိုးနှစ် ရှည်ဥယျာဉ် စိုက်ခင်း နှင့် ကျေးရွာ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီအဖွဲ့ နှစ်ရှည်စိုက်ပျိုးမြေဥယျာဉ် စသည့် ဌါနဆိုင်ရာအသီးသီးကို ခွဲဝေထားပေးကြောင်း သိရသည်။
၎င်းတပ်သိမ်းမြေသည် ဧက စုစုပေါင်း (၁၅၀၀) ကျော်ရှိပြီး ယခုလို ပြည်သူ များပြန်လည်တောင်းဆိုသည်မှာ ဧက (၇၀၀) ဖြစ်ကြောင်းသိရပါသည်။
ယခုကဲ့သို့ဆန္ဒဖော်ထုတ်မှု နှစ်ကြိမ်ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရှိပါက နေပြည်တော် အထိ သွားပြီး သမ္မတ ရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုဖို့ အစီအစဉ်ရှိကြောင်းသိရသည်။