လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါမိုကလားကျေးရွာအရှေ့ဘက်တောင်ခြေတွင် ဆောက်လုပ်မည့် တန်(၄၀၀၀) ဘိလပ်မြေစက်ရုံစီမံကိန်းကိုယခုုနှစ် ၂၀၁၄နှင့် ၂၀၁၅ ခုနှစ် အတွင်း ၂နှစ်တာ စီမံကိန်းဖြင့် အပြီးအစီး တည်ဆောက်သွားတော့မည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဦးအောင်အောင်ကြီးက ပြောသည်။
“မကြာခင်မှာအန်ကယ်တို့ စီမံကိန်းစတင်မှာ ဖြစ်တဲ့အတွက် (၁) လအတွင်းမှာ စီမံကိန်းရုံးလည်းဖွင့်မယ်၊ နောက်ပြီးတော့ (၂)နှစ်အတွငး်မှာ အကောင်အထည်ဖော်မှာ ဖြစ်တယ်။ ၂၀၁၄ (၂)နှစ်အတွင်း ပြီးရမှာပေ့ါ ။ ၂၀၁၅ အကုန်လောက်ပေ့ါ ၁၆ လောက်ဖြစ်ရင်ဖြစ်မယ်။ (၂) နှစ်အတွင်းပေ့ါ များများကြာလေထုတ်လုပ်မှု Production တွင် ဟိုဟာဖြစ်လေပေ့ါ။ အဲဒါကြောင့် မြန်မြန်ဆောက်မှာ” ဟု ဦးအောင်အောင်ကြီးက ပြောသည်။
စီမံကိန်းတည်ဆောက်နိုင်ရန်အတွက် ၄င်းနှင့် အနီးအနားပတ်ဝန်းကျင်ရှိ ပြည်သူလူထုများလက်ခံလာအောင် ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းချပြခြင်းများ လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း နှင့်စီမံကိန်း စတင်နိုင်ရန်အတွက် ပြည်သူ့ထောက်ခံမှု ၆၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ဆက်ပြောသည်။
၄င်းစီမံကိန်းအကောင်အထည်ဖော်နိုင်ရန်အတွက် ဆောက်လုပ်သူတွေဖက်က ပြည်သူများ၏ခွင့်ပြုချက် ရရှိခဲ့ပြီဆိုသော်လည်း လယ်ယာမြေသိမ်းဆည်းခြင်း မခံခဲ့ရသောသူများကို ဆန္ဒကောက်ခံခဲ့သောကြောင့်သာ မဲအသာဖြင့် အနိုင်ရသွားတယ်လို့မြေ ၁၁.၈၀ ဧက သိမ်းခံရသော တောင်သူတဦးကပြောသည်။
ဒေသခံတစ်ဦးက “ဒီရွာသားတွေအနေနဲ့ ပြောရင် တစ်ယောက်မှ သဘောတူတာမရှိဘူး။ ကျနော်တို့ရွာ အနေနဲ့တော့ သဘောမတူဘူးပေ့ါ။ ဒါပေမယ့် ဘေးရွာတွေမှာ အများကြီး ကျန်သေးတယ်လေ။ ဘေးရွာတွေမှာသူတို့ကအလျှော်အစားတွေလုပ်ခဲ့ပြီးပြီ။ လုပ်ခဲ့တဲ့ခါကျတော့ ဒီဒေါမိုကလားရွာကလည်း နောက်ဆုံးသူတို့မယူဘူးဆိုတော့လည်းးသူတို့ပဲနာသွားမယ်ဆိုပြီးတော့မှ တောင်ယာပါသွားတဲ့ ဒီရွာကပုဂ္ဂိုလ်တွေကလညး် သူတို့အလျှော်အစားလုပ်ခဲ့ကြပါပြီ” ဟု ဒေါမိုကလားကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးရယ်ကပြောပါသည်။
အသိမ်းခံရသောတောင်ယာတွေအတွက် လျှော်ကြေးပေးရာမှာ စက်ရုံ ကုန်ကြမ်းထုတ်လုပ်ရာ နေရာတွင် တည်ရှိနေသောတောင် ယာများကို (၁) ဧကလျှင် လေးသိန်းခွဲပေးပြီး ၊ စက်ရုံဆောက်လုပ်မည့်နေရာတွင် တည်ရှိနေသောတောင်ယာများကို (၁) ဧကလျှင် ငါးသိန်းခွဲပေးကြောင်းသိရသည်။
၄င်းမြေများသည် ဒေါမိုကလား၊ မြေနီကုန်း၊ နာနတ်တော၊ ထေးသမ၊ ဘာဒို ၊တိုက်ခြောက်လုံး နှင့် ပကြဲစသည့်ကျေးရွာများမှ ဒေသခံများ လုပ်ကိုင်နေကြကြောင်းသိရသည်။
တန်(၄၀၀၀) ဘိလပ်မြေစက်ရုံစီမံကိန်းကို ပြည်တွင်းကုမဏီ(၅)ခုနှင့် ပြည်ပကုမဏီ (၁)ခုပူးပေါငး်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ၄င်းစက်ရုံအတွက်မြေယာဧက (၉၈.၀၉) သိမ်းယူထားခဲ့သည်။ စက်ရုံဆောက်လုပ်ပြီးစီပါက ၄င်းမှ ထွက်ရှိသော ကုန်များကို မြန်မာတစ်နိုင်ငံလုံးသာမက ပြည်ပကို ပါ တင်ပို့ရောင်းချသွားမည်ဖြစ် ကြောင်း ဦးအောင်အောင်ကြီးကပြောသည်