ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သွားလာသည့်လမ်းများတွင် ခလရ ၂၅၀ တပ်မှ သံဆူးကြိုးဖြင့် လမ်းပိတ်ထားလိုက်သဖြင့် တောင်သူများသွားလာရန် အခက်အခဲကြံုတွေ့ နေကြရသည်။
ထို့ကြောင့် တခြားလမ်းများကို အသုံးပြုသွားလာနိုင်ရန် ကိုယ်ထူကိုယ်ထ စတင်ဖောက်လုပ်နေကြရ သည်ဟု လည်း ဒေသခံတောင်သူတစ်ဦးဖြစ်သူ ဦးရယ်က ပြောသည်။
သူက“တောင်သူတွေခြံထဲသွားဖို့ လာဖို့အဆင်ပြေအောင် အရင်ကဟိုဘက်မှာသွားတယ်။ အခုက တပ်ကပိတ်လိုက်တဲ့အခါကျတော့ ဒီဘက်မှာသွားဖို့ကမရှိတော့ ဒီဘက်ရွာကလူတွေနဲ့ ပေါင်းပြီးတော့ ဒီလမ်းနဲ့ဒီတံတားကို လုပ်တာပါ”ဟု ပြောသည်။
မြေနီကုန်းကျေးရွာနှင့် နာနတ်တောရပ်မှ တောင်သူများ တောင်ယာခင်းသို့ သွားလာနေကြသည့် လမ်းဖြစ်ပြီး ၎င်းလမ်းပေါ်ထိသို့ သံဆူးကြိုးများဖြင့် ကာရန်ပိတ်ထား လိုက်ခြင်းကြောင့် ဒေသခံတောင်သူများ ယခုကာလ ပြောင်းဖူးချိုးရန်၊ မြေပဲများနုတ်ရန် အလုပ်များနေချိန်တွင် သွားလာရန် အခက်အခဲ ရှိနေကြသည်ဟု ပြောသည်။
လမ်းပြန်လည် ဖွင့်ပေးရန်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများက တောင်းဆိုထားကြပြီး စစ်တပ်က ၂ ပတ်ခန့်ကြာလျှင် ပြန်လည်ဖွင့်ပေးမည်ဟု ဆိုထားသော်လည်း တစ်လကျော်ကြာသည့်တိုင်အကြောင်း မထူးသေးကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘူးရယ်က ပြောသည်။
ဦးဘူးရယ်က “စစ်တပ်ဧရိယာအဲဒီထိမပါဘူးလို့ပြောတာပဲ တစ်ပတ်အတွင်း အပြန်ဖွင့်မယ်ပြောပြီး အခုထိပြန် မဖွင့်သေးဘူး နှစ်လ တော့ရှိသွားပြီ” ဟု ပြောသည်။
ယခုအခါ လွယ်တမူရွာဘက်တွင် ဒေသခံများ လမ်းတံတားကို ကိုယ်ထူကိုယ်ထ အသစ်ပြန်လည်ဖောက် လုပ်ပြီးဖြစ်သော်လည်း လမ်းကျဉ်း၍ သွားလာရခက်ခဲသည်ဟု ဒေါ်မိက ပြောသည်။
သူမက “လမ်းကလည်းကျဉ်းတယ် မိုးရွာတဲ့အခါကျလည်း ဗွက်ထတယ်။ လူသွားလိုက် စက်သွားလိုက်၊ နွားလှည်းသွားလိုက်ခါကျတော့ ကျဉ်းကြပ်တာပေါ့၊ ဟိုဘက်ကလည်းလမ်းပိတ် ဒီဘက်ကိုဘဲ သွားပြန်တော့လည်း လမ်းကပျက်တာပေါ့”ပြောသည်။
တောင်ယာခင်းထဲသို့ သွားလာနိုင်ရန်အတွက် လမ်းများကို ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့မှစ၍မြေနီ ကုန်းရွာ၊ နာနတ်တောရပ်နှင့် လွယ်တမူးရွာမှ ဒေသခံတောင်သူများက ကိုယ်ထူကိုယ်ထ စတင်ပြုလုပ်နေကြ ရသည်။
ခလရ ၂၅၀ တပ်သည် လွိုင်ကော်မြို့အထွက်မြနီကုန်းတွင် တပ်စွဲထားသည်။