လယ်ယာမြေမှတ်ပုံတင်ခြင်းအမှီ မပြုလုပ်နိုင်မည်ကို တောင်သူများစိုးရိမ်နေကြ

လယ်ယာမြေမှတ်ပုံတင်ခြင်းအမှီ မပြုလုပ်နိုင်မည်ကို တောင်သူများစိုးရိမ်နေကြ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်တွင် လယ်ယာမြေမှတ်ပုံတင်ခြင်းကို အောက်တိုဘာလ၌ အပြီးဆောင်ရွက်မည်ဟု အာဏာပိုင်တို့ အသိပေးပြောဆိုထားပြီးနောက် မှတ်ပုံတင်လက်မှတ် လျှောက်ထားရန် ကျန်ရှိနေကြသော တောင်သူအများစုသည် ယခုလအတွင်းအချိန်မှီ မပြုလုပ်နိုင်မည်ကို စိုးရိမ်နေကြသည်။

NLD ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များက လယ်ယာမြေမှတ်ပုံတင်ခြင်း ကိစ္စနှင့်ပတ်သက်ပြီး ငွေတောင်ကျေးရွာတွင် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးကြစဉ် ပြောကြားခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတက်ရောက်သူ တောင်သူတစ်ဦးက “ကျွန်တော်တို့ရွာမှာ သူများတွေရကုန်ပြီ ကျွန်တော်တို့တော့ ခုထိမရသေးဘူး၊ မြေတိုင်းစာရေးကို ပိုက်ဆံလည်းပေးပြီးပြီ၊ သူတို့ကိုမေးတော့လည်း ရုံးမှာရှိတယ်လို့ပဲ ပြောနေတယ်” ဟု ပြောသည်။

တောင်သူအများစုသည် ကျေးလက်နေသူများဖြစ်ကြပြီး  လယ်ယာမြလုပ်ပိုင်ခွင့် တရားဝင်လျှောက်ထား ရာတွင် သက်ဆိုင်ရာဌာနများမှ အချက်အလက်ထုတ်ပြန်မှု နှောင့်နှေးနေသည့်အတွက် သတ်မှတ်ချိန်အတွင်း မပြုလုပ်နိုင်မည်ကို စိုးရိမ်လျှက်ရှိနေကြခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ  ဦးသက်တင်က ပြောသည်။

လျာထားချက်အတိုင်း ယခုနှစ်အတွင်းပြီးစီးအောင်ပြုလုပ်သွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသော တောင်သူ များအား နောက်တစ်ကြိမ်ပြန်လည်ပြုလုပ်ပေးမည်ဟု ကယားပြည်နယ်၊စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးပိုးရယ်ရန်အောင် ပြောသည်။

ဦးပိုးရယ်ရန်အောင်က “လျာထားချက်ရှိပြီးသားဟာကို ပြည့်မီအောင်လုပ်ရတယ်ပေါ့၊ သို့သော်လည်းပဲ လယ်အသစ် ယာအသစ်တွေ တွက်ထားတာလဲ ရှိတယ်ပေါ့နော်၊ရှိတယ်ဆိုရင် လျှောက်လို့ရတယ် ဒါပေမယ့် လာမလျှောက်ရင်တော့ ကျွန်တော်တို့က ပြည့်ပြီဆိုရပ်ထားရမှာပဲ” ဟု ပြောသည်။  

ကယားပြည်နယ်တွင် လယ်မြေဧက တစ်သိန်းကျော်ရှိပြီး ယခုလျာထားချက်များ အရ (၇၅%) ပြီးစီးနေပြီဖြစ် ရာ ယခုလျာထားချက်များအတိုင်း မှတ်ပုံမတင်လိုက်ရသောတောင်သူများကို ထပ်မံပြုလုပ်ပေးရန် အစီစဉ်ရှိ သည်ဟု သိရသည်။

Most read this week