KNPP နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး မဆွေးနွေးခင် အကြို ညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့

KNPP နဲ့ အစိုးရ အပစ်အခတ်ရပ်စဲရေး မဆွေးနွေးခင် အကြို ညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ အစိုးရမှ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဖော်ဆောင်းရေး ကိုယ်စား လှယ် အဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲအတွက် အဆင်ပြေချောမွေ့စေဖို့ ယမန်နေ့ မတ်လ ၆ ရက်နေ့က ကရင်နီပြည် လွိုင်ကော်မြို့ရဲ့ အစိုးရ ဂေဟာမှာ အကြို ညှိနှိုင်းမှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ KNPP က ပြောပါတယ်။

ကေအဲန်ပီပီအား ပြည်သူလူထုများ ကြိုဆိုစဉ်
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရေးအတွက် KNPP မှ တင်ပြတောင်းဆိုမယ့် စစ်ရေးဆိုင်ရာ အချက်အလက် တွေ၊ လူထုအတွက် အချက်အလက်တွေ၊ နောက်လာမယ့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် အာမခံပေးနိုင် မယ့် အချက်အလက်တွေ စုစုပေါင်း အချက် ၂၀ ကို ကြိုတင်ညှိနှိုင်းခဲ့ကြတာပါ။

“သူတို့ ရောက်ရောက်ချင်းပဲ ဒီနေ့ လုပ်တဲ့ ဆွေးနွေးပွဲမှာ အထစ်အငေါ့ မရှိအောင် အကြို ဆွေးနွေးပွဲ လုပ်လိုက်တယ်။ နှစ်ကြိမ် လုပ်ခဲ့ပြီးပြီ။ ကျနော်တို့က အချက် ၂၀ ယူသွားတယ်။ ၄၊ ၅၊ ၆ ချက်တော့ ပြန်ညှိဖို့ လိုနေသေးတယ်” လို့ KNPP အတွင်းရေးမှူး ၂ အောင်ဆန်းမြင့်က ပြောပါတယ်။

အကြို ဆွေးနွေးပွဲမှာ KNPP မှ အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မီတီ အဖွဲ့နဲ့ အစိုးရမှ ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုယ်စား လှယ် အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အပစ်အခပ်ရပ်စဲရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲမှာ စတင်ပြုလုပ်နေပြီး UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Hanten Feld၊ ရန်ကုန်မြို့ ဗြိတိသျှသံရုံး ဒုတိယအတွင်းဝန် Mr. Joe Fisher နဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး ကောင်စစ်ဝန် Mr. Andrew Webster တို့ တက်ရောက်လေ့လာတယ်လို့ သိရပါတယ်။

Most read this week