ကရင်နီပြည် မြေယာသိမ်းသည့်ကိစ္စ အစိုးရပြန်ကြည့်ပေးမည်

ကရင်နီပြည် မြေယာသိမ်းသည့်ကိစ္စ အစိုးရပြန်ကြည့်ပေးမည်
by -
ဖဲမော့

ရွေးကောက်ပွဲအပြီး အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်းမှာ ကရင်နီပြည်မှာရှိတဲ့ ပြည်သူမြေယာတွေကို စစ်သင်တန်းကွင်းတည်ဆောက်ဖို့ သိမ်းဆည်းမှုတွေရှိလာသလို စီးပွားရေးလုပ်ငန်းတွေအတွက် စက်မှုဇုံတွေ တည်ဆောက်ဖို့ သိမ်းဆည်းမှုတွေလုပ်ဖို့ အစီအစဉ်တွေရှိနေပါတယ်။

အစိုးရမှ နယ်မြေသိမ်းပြီး စစ်လေ့ကျင့်ရေးကွင်းအဖြင့် တည်ဆောက်ထားသည့်နေရာ (ဓါတ်ပုံ-ကေတီ)

အစိုးရနဲ့ ကရင်နီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ရဲ့ကြားမှာ အပစ်အခတ်ရပ်စဲရေးတွေလုပ်ဖို့ အစီအစဉ် တွေရှိနေတဲ့အတွက် မြေယာသိမ်းတဲ့ကိစ္စကို အစိုးရအနေဖြင့် ပြန်လည်စဉ်းစားပေးဖို့ အစိုးရငြိမ်းချမ်းရေ းကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ခေါင်းဆောင်တို့ ပဏာမအဆင့်တွေ့ဆုံချိန်မှာ နားဖောက်ထားခဲ့ပါတယ်။

နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရေးအတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ထိုင်း-မြန်မာနယ်စပ်တနေရာမှာ KNPP နဲ့ အစိုးရကိုယ်စားလှယ်တို့ ပဏာမတွေ့ဆုံခဲ့ကြပါတယ်။

တွေ့ဆုံပွဲမှာ သဘောတူဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခြင်းမရှိသေးပေမယ့် KNPP မှတင်ပြဆွေးနွေးတဲ့ စစ်တပ် စခန်းတည်ဆောက်နေတဲ့ ကိစ္စနဲ့ ပြည်သူပိုင်မြေယာတွေသိမ်းဆည်းနေတဲ့ကိစ္စကို အစိုးရဘက်မှ စိတ်ဝင်တစားမှတ်ယူပြီး အခြေအနေကို ပြန်ကြည့်ပေးမယ်လို့ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ လူထုတွေ လုပ်ကိုင်စားသောက်တဲ့ တောင်ယာ၊ စပါးခင်း၊ လယ်ယာမြေကို သိမ်းပြီးတော့ သူတို့စစ်တပ်စခန်းတည်ဆောက်တာ။ နောက် စက်မှုဇုံတည်ဆောက်ဖို့ လုပ်တဲ့ ကိစ္စတွေမျိုးလည်း ကျနော်တို့ တင်ပြတယ်။ အဲဒီဟာကိုတော့ သူတော်တော်လေးကို စိတ်ဝင်စား နားထောင်ပြီး သူမှတ်သားသွားတာပဲ။ သူဘာမှတော့ မပြောဘူး။ သို့သော် ဒီကိစ္စနဲ့ ပက်သက်ပြီး သူပြန်ကြည့်ပေးပါအုံးမယ်လို့ ပြောသွားတယ်။ အရေးယူဆောင်ရွက်ပေးမယ်လို့တော့ တချက်တည်းနဲ့ သူမပြောဘူး”

အစိုးရကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီးတဲ့နောက်မှာ KNPP အတွင်းရေးမှူး ၁ ခူးဦးရယ်ကယခုလို ပြန်လည်ပြော ပြသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်အတွင်း ကရင်နီပြည် ဖရူဆိုမြို့နယ် လောဂျာ၊ မားပရိုရှေ့နဲ့ ဒေါလောခူရွာက ပြည်သူပိုင် လယ်မြေ ဧက ၂၇၀၀ ကို အမှတ် ၁၄ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကွင်း တည်ဆောက်ဖို့ စစ်တပ်က သိမ်းဆည်းခဲ့ပါတယ်။

၂၀၀၈-၂၀၀၉ ခုနှစ်မှာလည်း ဘောလခဲမှ ဧက ၆၀၊ ဖရူဆိုမှ ဧက ၅၀၊ ဒီးမော့ဆိုနဲ့ငွေတောင်မှ ဧက ၈၀ အပြင် လွိုင်ကော်မြို့ စက်မှုဇုံတို့ကိုလည်း အာဏာပိုင်တွေကသိမ်းဆည်းခဲ့ပါတယ်။

ယခု ၂၀၁၂ ခုနှစ်မှာလည်း လွိုင်ကော်မြို့ အရှေ့မြောက်ဖက်ရှိ ပကျဲရွာဟောင်းမှာ ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ တရုတ်ကုမ္ပဏီတခုမှ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြေဧက ၁၂၀၀ ခန့်ကို ဒေသခံတွေမသိဘဲ သိမ်းဆည်သွားနိုင်တယ်လို့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး KNYO ကဆိုထားပါတယ်။

“အဲဒီရွာမှာ အိမ်ဟောင်း၊ ရွာဟောင်း ဖြစ်သွားပြီ။ ဒါပေမယ့် ကွင်းတော့ ရှိတယ်။ အဲဒီနေရာကို သူတို့ သိမ်းပြီး သူတို့ ကုမ္ပဏီနဲ့ ဆက်စပ်ပြီး ဘိလပ်မြေစက်ရုံ ထောင်ဖို့လုပ်တယ်” လို့ KNYO ဥက္ကဌ ထွေးရယ်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပဏာမတွေ့ဆုံပွဲမှာ KNPPဘက်မှ အတွင်းရေးမှူး -၁ ခူဦးရယ် ဦးဆောင်ပြီး အတွင်းရေးမှူး -၂ ဆရာအောင်ဆန်းမြင့်၊ KNPP အရံဗဟိုကော်မီဝင် ဆရာ ပလုရယ်နဲ့ ကရင်နီပြည်တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီထူးတို့ဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းဦးဆောင်ပြီး အကျိုးတော်ဆောင်များ ဖြစ်တဲ့ ဦးလှမောင်ရွှေ၊ ဦးတင်မောင်သန့်နဲ့ ကယားဖူးမှ ဦးကြည်စိန်တို့ ပါ၀င်ခဲ့ပါတယ်။

Most read this week