ကရင်နီ ဆယ်ကျော်သက်ကလေး ပစ်သတ်ခြင်း ခံရ

ကရင်နီ ဆယ်ကျော်သက်ကလေး ပစ်သတ်ခြင်း ခံရ
by -
နှောင်းလှိုင်

ကရင်နီပြည်နယ် ရှားတောမြို့နယ် သီရိဒါးကျေးရွာက ဆယ်ကျော်သက်အရွယ် နွားကျောင်းသား လေးတဦး ကို မြန်မာအစိုးရတပ်တစုမှ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ကရင်နီပြည်တွင်းမှ နွားကျောင်းနေသာ ကလေးနှစ်ဦး
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေစောင်းအချိန်လောက်မှာ ရွာပြင်မှာ နွားပျောက်လို့ လိုက်ရှာနေတဲ့ အသက် ၁၅ နှစ်အရွယ် ခူးတေရယ်ကို ခလရ ၂၉၅ တပ်ရင်းမှ ဒု- ဗိုလ်မှူးကြီး အောင်ဇေယျ ဦးစီးတဲ့ တပ်ဖွဲ့တဖွဲ့ကနေ ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ ကရင်နီတပ်မတော်က ဆိုပါတယ်။

“၁၂ရက်နေ့က အဲမှာ တိုက်ပွဲဖြစ်တယ်။ အဲဒါဖြစ်တော့ သူတို့ စိတ်တိုပြီးတော့မှ ကလေးက နွားရှာတာ။ သွားပြီး ပြန်လာတာလား မသိဘူး။ လမ်းမှာတွေ့တော့ ပစ်သတ်လိုက်တာလေ။ ရွာပြင်မှာပဲလို့ ပြောတာပဲ” လို့ ကရင်နီပြည် တပ်မတော်က ဗိုလ်မှူး ဖုန်းနိုင်က ပြောပါတယ်။

ဇန်နဝါရီလ ၁၂ ရက်နေ့က ရှားတောမြောက်ဘက်ခြမ်း၊ သီရိဒါးရွာအနားမှာ အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ခလရ ၂၉၅ နဲ့ နယ်ခြားစောင့်တပ် BGF စစ်ကြောင်းတို့က နယ်မြေရှင်းလင်းရန် ချီတက်လာစဉ် ကရင်နီ တပ်ဖွဲ့တဖွဲ့နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲမှာ မြန်မာအစိုးရစစ်တပ်မှ ဗိုလ်တဦးနဲ့ တပ်သား ရဦး ကျဆုံးပြီး၊ အကြပ်တပ်သား ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

“သူတို့ သက်သက်လုပ်တာပါပဲ။ အမှန်ဆို ၁၅ ရက်နေ့တုန်းကဖြစ်တဲ့ဟာလည်း တခုခု သူတို့ ခံရပြီဆိုရင် အထက်ကနေ သူတို့ ဒဏ်ပေးနေကျ၊ အမှန်ဆို ဒီအဖွဲ့တွေကလည်း ပြန်တော့မယ်။ အခု သူတို့ တပ်မ ၅၅ နဲ့ နေရာ လဲရတော့မယ်။ အဲဒါ သူတို့ အဲလိုမျိုးဖြစ်ပြီဆိုရင် မပြန်ရဘူး။ အဲလိုမျိုးဖြစ်တော့ သူတို့ စိတ်တိုတယ်” လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ - KNPP သတင်းနဲ့ ပြန်ကြားရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိတဲ့ ခူဒယ်နီယာက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာလည်း ကရင်နီပြည် ဖရူဆိုမြို့နယ် ထျေးဘျားညေကျေးရွာက တောတွင်း တနေရာမှာ ထင်းခုတ်၊ ထင်းဖြတ်နေတဲ့ ရွာသားတချို့ကို မြန်မာအစိုးရစစ်တပ် ခလရ ၂၅၀ က ပစ်ခတ်ခဲ့ရာ ရွာသားတဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားပါတယ်။

Most read this week